တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် သြစတြေးလျက ဆော်လမွန်ကျွန်းစုများသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်

တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် သြစတြေးလျက ဆော်လမွန်ကျွန်းစုများသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်

တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားသည့် တောင်ပစိဖိတ်နိုင်ငံဖြစ်သော ဆော်လမွန်ကျွန်းစုများသို့ သြစတြေးလျက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်သည်။

ဆော်လမွန်ဝန်ကြီးချုပ် ဆိုရာဗာရီက သြစတြေးလျအစိုးရအား ၂၀၁၇ ခုနှစ် နှစ်နိုင်ငံလုံခြုံရေး သဘောတူ ညီချက်အရ အကူအညီတောင်းခံပြီးနောက် နိုဝင်ဘာ ၂၅ရက် မွန်းလွဲပိုင်းတွင် သြစတြေးလျ အမျိုးသား လုံခြုံရေးကော်မတီသည် အကျပ်အတည်းဆိုင်ရာဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ် စကော့ မိုရစ်ဆန်က ဩစတြေးလျ ဖက်ဒရယ်ရဲအရာရှိ ၂၃ ဦးသည် 'အဓိကရုဏ်း ထိန်းချုပ်ရေး' ကို ပံ့ပိုးကူညီရန် ဆော်လမွန်သို့ သွားရောက်နေပြီဖြစ်ပြီး 'အရေးကြီးသော အခြေခံ အဆောက် အအုံ' ကို ကာကွယ်ရန်အတွက် နောက်ထပ် အယောက် ၅၀ ကို ထပ်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် လေဆိပ်ကဲ့သို့ အရေးကြီးသော အခြေခံအဆောက်အအုံများကို ကာကွယ်ရန်အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄၃ ဦးသည်လည်း နိုဝင်ဘာ ၂၆ရက်တွင် သွားရောက်ခဲ့သည်။

'ဒီမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆော်လမွန်ကျွန်းစုမှာ ပုံမှန်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ် တွေကို လုပ်ဆောင်နိုင်စေဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ပေးဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ပါ' ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဟိုနီအာရာမြို့တော်မှာ ဆန္ဒပြသူများက ဆော်လမွန်ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြပြီး နိုင်ငံအတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တရုတ်တန်းရှိ ဈေးဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဆောက်အအုံများနှင့် ရဲစခန်းများကို အဓိကရုဏ်းတွင်ပါဝင်သူများက ပစ်မှတ်ထားခဲ့သည်။

အဓိကရုဏ်းတွင်ပါဝင်သူများက အဆောက်အဦအတွင်း ဝင်ရောက်ပြီး မီးမရှို့ခင် ကူကန်ယာဉ်ထိန်းရဲစခန်းတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပြတင်းပေါက်များကို ခွဲပစ်ပြီး ပေါက်ကွဲစေတက်သည့် လက်နက်များဖြင့် ပစ်ပေါက်နေသည်ကို ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly