ဘင်္ဂလားဒေ့ရှ် ဘလော့ဂါကို သတ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ယောက်ကို သေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ် ဘလော့ဂါကို သတ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ယောက်ကို သေဒဏ်ချမှတ်

ဒါကာ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၃ခုနှစ်က ဘာသာမဲ့ ဘလော့ဂါတစ်ယောက်ကို သတ်ဖြတ်မှုအတွက် ကျောင်းသားနှစ်ယောက်ကို သေဒဏ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

အခြား ၆ ယောက်ကိုလည်း မြို့တော်ဒါကာ စုရုံးပွဲတစ်ခုမှ အိမ်သို့ပြန်လာစဉ် ဖောက်ထွင်း ကျူးကျော်ကာ အာမတ် ရာဂျစ် ဟိုက်ဒါအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု ယူဆရသည့် အုပ်စု အန်ဆာရူလာ ဘန်ဂလာ၏ အကြီးအကဲကိုလည်း ထောင် ၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၂၀၁၅ခုနှစ်ထဲတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နောက်ထပ် ဘာသာမဲ့ ဘလော့ဂါနှင့် စာရေးဆရာ ၅ယောက် အသတ်ခံခဲ့ရသည်။

ရုံးတော်၏ ပြောကြားချက်အရ သေဒဏ်ချမှတ်ခံရသည့် ကျောင်းသားများအနက် တစ်ယောက်ဖြစ်သော ဖိုင်ဆယ် ဘင် နာယင်းက ဟိုက်ဒါကို ၎င်း၏ အိမ်ရှေ့တွင်ပင် သားလှီးဓါးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။  

အခြားသူများကိုမူ မျက်ကွယ်တွင် တရားစီရင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းပင် ဖြစ်သည်။

ဟိုက်ဒါမှာ ၁၉၇၁ခုနှစ် စစ်ပွဲတွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အစ္စလာမ်ခေါင်းဆောင်များကို သုတ်သင်ကွက်မျက်ပစ်ရန် တောင်းဆိုခဲ့သည့် ဘလော့ဂါအုပ်စုတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။

ဘလော့ဂါ၏ ဖခင်ဖြစ်သူ မိုဟာမတ် နာဇင် အတ်ဒင်ကမူ လူနှစ်ယောက်တည်းကိုသာ သေဒဏ်ပေးသည့်အတွက် စိတ်မချမ်းမြေ့ရကြောင်း ပြောကြားခဲ့သည်။

‘စီရင်ချက်နဲ့ ပတ်သက်လို့ စိတ်မချမ်းမမြေ့ဖြစ်ရတယ်။ စီရင်ချက်ကို လက်မခံပါဘူး။ လူ၅ယောက်စလုံးက သတ်ဖြတ်မှုမှာ သူတို့ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ယောက် တည်းကိုပဲ သေဒဏ်ပေးခဲ့တယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’’ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဘာသာရေးမဖက်သည့် အာဝါမီအဖွဲ့ချုပ်ကို ထောက်ခံသူများနှင့် အစ္စလာမ်ဝါဒီများကြားတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly