စစ်ကောင်စီလက်ထက်တွင် မြန်မာဘောလုံးပွဲများကို အားပေးမည်မဟုတ်ကြောင်း စင်္ကာပူရောက်ဘောလုံး ပရိသတ်များ ကြေညာ

စစ်ကောင်စီလက်ထက်တွင် မြန်မာဘောလုံးပွဲများကို အားပေးမည်မဟုတ်ကြောင်း စင်္ကာပူရောက်ဘောလုံး ပရိသတ်များ ကြေညာ

ဒီဇင်ဘာ ၂

စစ်ကောင်စီ အာဏာသိမ်းထားသည် ကာလအတွင်း စင်္ကာပူနိုင်ငံသို့ လာရောက်ကစားမည့် မြန်မာဘောလုံးအသင်းကို အားပေးမည်မဟုတ်ကြောင်း စင်္ကာပူရောက် ဘောလုံးချစ်သူ ပရိသတ်များက ကြေညာချက် ထုတ်ပြန်လိုက်သည်။

စင်္ကာပူရောက် ဘောလုံးပရိသတ်များဖြင့် ဖွဲ့စည်းထားသည့် ‘မြန်မာဘောလုံး ၁၂ ယောက်မြောက်ကစားသမားများ အဖွဲ့(MF12 GROUP (SINGAPORE)) ’က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Myanmar Football 12th Players မှတစ်ဆင့် ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး မြန်မာအသင်းသည် လာမည့် ဒီဇင်ဘာလ ၅ ရက်တွင် အိမ်ရှင်စင်္ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

“စင်္ကာပူတွင်ကန်မည့် မြန်မာဘောလုံးပွဲများအား ကျွန်ုပ်တို့ လုံးဝ အားပေးမည်မဟုတ်ပါ။ ကွင်းသို့သွားရောက်ပြီး ဆန္ဒပြခြင်းလည်း ပြုလုပ်မည် မဟုတ်ပါ” ဟု Myanmar Football 12th Players အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MF12 GROUP (SINGAPORE) သည် မြန်မာဘောလုံးအသင်းများအား အစွမ်းကုန်အားပေးခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့်အတွက် စစ်ကောင်စီ လက်ထက်တွင် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မှုကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

စင်္ကာပူနိုင်ငံတွင် လက်ရှိတင်းကျပ်ထားသော ဥပဒေများကြောင့် ဘောလုံးကွင်းထဲသို့ သွားရောက် ဆန္ဒပြမှုများ ပြုလုပ်မည် မဟုတ်သကဲ့သို့ ဘောလုံးချစ်သူ ပရိသတ်များအနေဖြင့်လည်း ကွင်းထဲသို့သွားရောက် ဆန္ဒပြခြင်းများ မပြုလုပ်ကြရန် Myanmar Football 12th Players အဖွဲ့က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required