“ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အာရုံစိုက်ကြ”

“ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အာရုံစိုက်ကြ”

အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးက အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးကောက်တင်မြှောက်ဖို့ လုပ်နေကြပါပြီ။ နဂို ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တန်းဟာ လွှတ်တော် သက်တန်း နဲ့အညီဆိုပြီး ပြဌာန်းထားတာကြောင့် အဲဒီ ပြဌာန်းချက်နဲ့အညီ ၂၀၁၆ ဇန်နဝါရီလ မကုန်ခင် ရွေးချယ်ပွဲတွေ လုပ်အပြီး ဖြစ်အောင် အကောင်အထည် ဖော်နေကြတာပါ။ တစ်ချို့နေရာတွေ မှာတော့ ရွေးချယ်တင်မြှောက်ပွဲအတွက် လိုအပ်တဲ့ ကော်မရှင်လို အဖွဲ့မျိုးတွေကိုတောင် ဖွဲ့ပြီးနေကြပါပြီ။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူ့လွှတ်တော်မှာလဲ အဲဒီ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု တင်သွင်းပြီးခဲ့ပါပြီ။ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ဘယ်လို ဖြစ်သင့်ပါသလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခု လွှတ်တော်မှာ တင်လိုက်တဲ့ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကတော့ နဂို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တန်းကို လွှတ်တော်သက်တန်းနဲ့အညီ ထားရာကနေ သမ္မတရဲ့ သက်တန်းအတိုင်း ထားဖို့ ပြင်ဆင် တင်ပြထားတာပါ။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော် တွင်း ပြင်ဆင်ချက် ဥပဒေကြမ်း တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က အခုလို ပြောခဲ့ပါတယ်။

"ပြည်ထဲရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်အ သီးသီးတွင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် တာဝန်ပေးအပ်နိုင်ရန် ရွေးချယ်ပွဲများ အလောသုံးဆယ် ဆောင်ရွက်ရခြင်းကြောင့် တချို့ရပ်ကွက်နဲ့ ကျေးရွာအုပ်စု များတွင် မတည်မငြိမ်မှုများ၊ ဝေဖန်ပြောကြားစရာများ ဖြစ်ပေါ်မှု မရှိစေရန်အတွက် လည်းကောင်း၊ ဒေသခံ ပြည်သူများက မိမိတို့၏ အရေးအရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင် ရွက်ပေးမည့် အုပ်ချုပ်ရေးမှူး ရွေးချယ် တာဝန်ပေးအပ်နိုင်ရေးအတွက် လုံလောက်သော အချိန်ကာလ ရရှိစေရန်အတွက် လည်းကောင်း၊ အသစ်တာဝန်ယူမည့် ပြန်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ကြီးကြပ် လမ်းညွှန်မှုများကို ဥပဒေနဲ့အညီ ဆောင်ရွက်စေရန် အတွက်လည်း ကောင်း၊ ရပ်ကွက်သို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းရခြင်း ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်" ဆိုပြီး ဖြစ်ပါတယ်။ သူပြော လည်း ပြောစရာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနတို့က ဦးဆောင်ကျင်းပခဲ့တဲ့ ပထမအကြိမ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ပြုလုပ်ခဲ့စဉ် တုန်းက အောက်ခြေမှာ ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ အခု အဲလိုမဖြစ်အောင် လုပ်ဖို့ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေခြာခြာ ပြန်ကြည့်ရင် ပြည်သူ တွေအတွက် ဒီမိုကရေစီ အတော်ခေါင်းပါးတာကို မြင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့ အထွဋ်အထိပ်လို့ ဆိုတဲ့ နိုင်ငံတော် သမ္မတဆိုတာကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်လို့ မရပါဘူး။ သမ္မတ ရွေးချယ်ရေး အဖွဲ့က ရွေးချယ်ပါတယ်။ အဲဒီအဖွဲ့မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက် လိုက်တဲ့ ပြည်ထောင်စုအဆင့် အမတ်တွေက ၇၅ ရာခိုင်နှုန်းနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကခန့်တဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒုတိယ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုရောလို့ မေးစရာ ရှိပါတယ်။ သူတို့ကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်မှာ ဖြစ်ပါတယ်။ သမ္မတဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်ကို ရောက်နေ တဲ့ ရွေးကောက်ခံ အမတ်တွေထဲကဖြစ်စေ၊ တပ်မတော်သား အမတ်ထဲကဖြစ်စေ စိတ်ကြိုက် ခန့်နိုင်ပါတယ်။ အဲဒီလူဟာ အရည်အချင်း ပျက်ယွင်းသူ မဟုတ်ရင် သက်ဆိုင်ရာ လွှတ်တော် က အတည်ပြုပေးရပါတယ်။

ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း နိုင်ငံတစ်ချို့မှာလို  ပြည်သူ တွေက ရွေးချယ်ခွင့် မရှိပြန်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး တွေဟာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီ နိုင်ငံ့ဝန်ထမ်း ဆိုသူတွေဟာ ပြည်ထဲရေးဝန်ကြီး လက်အောက်က ဖြစ်တဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုင်တွယ် စီမံတဲ့ သဘောတောင် ဖြစ်နေပါတယ်။ ကောင်းပါပြီ။ အခြေခံအကျဆုံး အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုရော- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၉ မှာ ခုလို ပြဌာန်းထားပါတယ်။ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန် ပေး ဆောင်ရွက်စေရမည်” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါလည်း ပြည်သူတွေ တိုက်ရိုက် ရွေးချယ်ခွင့် ရှိတာမျိုး မဟုတ်ပါဘူး။ တော်တော့ တော်ပါသေးတယ်။ “ဥပဒေနဲ့အညီ” လို့ ဆိုလိုက်တဲ့အတွက် ဥပဒေပြဌာန်းပြီး ခန့်အပ်တာမျိုး ဖြစ်လာတာပါ။

ဒါပေမယ့်လည်း ပြဌာန်းလိုက်တဲ့ ဥပဒေဟာ သိပ်ပြီး ရိုးရှင်းလွန်းတာတော့ မဟုတ်ပါ ဘူး။ အောက်ခြေ သာမန် ပြည်သူတွေ အလွယ်တကူ သိနိုင်နားလည်နိုင်တဲ့ အနေအထား သိပ်မရှိပါဘူး။ အခြားတစ်ဖက်မှာလည်း အဲဒီ ရွေးချယ်ပွဲတွေကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးက ဦးစီးကျင်းပတာ၊ နိုင်ငံရေးပါတီ အတော်များများကလည်း ဒီ အခြေ ခံ ရပ်ကျေး အုပ်ချုပ်ရေးဟာ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိပ်နားမလည်တဲ့အတွက် ဝင်ရောက် ကူညီခြင်းမရှိတာ စတဲ့ အချက်တွေကြောင့် အပြစ်အနာ အဆာတွေ အများကြီး ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် တိုင်းပြည်မှာ အပြောင်းအလဲ ဖော်ဆောင်မယ့် ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အနိုင်ရပြီးပါပြီ။ သိပ်မကြာခင် အစိုးရဖွဲ့၊ အရပ်သားတွေကို အုပ်ချုပ်ပါတော့မယ်။ ဒီအခါ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့က အကောင်အထည်ဖော်မယ့် လုပ်ငန်းဆောင်တာတွေ၊ စီမံကိန်းတွေ၊ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာရေးမှာ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အလွန့်အလွန် အရေးပါလာပါလိမ့်မယ်။ ဒါကြောင့် လာမယ့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ တကယ့်တကယ် အစစ်အမှန် “ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦး” အရွေးခံရဖို့အရေး မျက်ခြေမပြတ် ဝိုင်းဝန်း ပါဝင် ကြိုးစားပေးဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly