မန္တလေးမြို့တွင် အဝစား ၅၀၀ကျပ်တန် ထမင်းဆိုင် စတင်ရောင်းချသည့် နေ့တွင် အလှူရှင်ပေါ်လာ၍ အခမဲ့ကျွေးမွေးလှူဒါန်း

မန္တလေးမြို့တွင် အဝစား ၅၀၀ကျပ်တန် ထမင်းဆိုင် စတင်ရောင်းချသည့် နေ့တွင် အလှူရှင်ပေါ်လာ၍ အခမဲ့ကျွေးမွေးလှူဒါန်း

ဒီဇင်ဘာ ၁

မန္တလေးမြို့၌ ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ဟင်းတစ်မျိုးပါ အဝစား ငွေကျပ်ငါးရာတန် ထမင်းဆိုင်များ စတင်ဖွင့်လှစ်ရောင်းချရန် စီစဉ်ခဲ့ရာ တစ်ဦးချင်းအလှူရှင်များပေါ်ထွက် လာသဖြင့် အခမဲ့ ကျွေးမွေးလှူဒါန်းခဲ့ရကြောင်း စီစဉ်သူတစ်ဦးထံမှ သိရသည်။

“အခြေခံလူတန်းစားတွေအတွက် ရောင်းချပေးဖို့ စီစဉ်ခဲ့တာ အလှူရှင်က လှူချင်ပါတယ်ဆိုလို့ အခမဲ့ကျွေးမွေးလိုက်တယ်။ ဆိုင်မှာထိုင်စားတာရော ပါဆယ်ရော ရောင်းပေးဖို့ စီစဉ်ခဲ့တာပါ” ဟု စီစဉ်သူ ပရဟိတလူငယ်တစ်ဦးက ပြောသည်။

ဝင်ငွေနည်း အခြေခံ လူတန်းစားများအတွက် ရည်ရွယ်သည့် ဟင်းတစ်မျိုးပါ ကျပ်ငါးရာတန် ထမင်းရောင်းချသည့် အစီအစဉ်ကို မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက နေရာသုံးခု၌ စတင်ဖွင့်လှစ်ခဲ့သော်လည်း အလှူရှင်များက လှူဒါန်းလိုကြောင်း ဆက်သွယ်လာခြင်းကြောင့် အခမဲ့ကျွေးမွေး လှူဒါန်းခဲ့သည်ဟု ၎င်းကပြောသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် လမ်း ၉၀ ထောင့် ကျောက်ဆစ် မီးသတ်အနီးရှိ မိဘမေတ္တာထမင်းဆိုင်၊ မဟာအောင်မြေမြို့နယ် ၃၇(အေ)လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား ရွှေဘုန်းလူငယ် ပရဟိတ လူမှုကူညီရေးအသင်းတို့တွင် နံနက် ၁၁ နာရီမ ှနေ့လယ် ၂ နာရီအထိ ရောင်းချပေးသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာဝင်းအတွင်းတွင်လည်း အလားတူဖွင့်လှစ်ထားကြောင်းသိရသည်။

စစ်ကောင်စီက အာဏာသိမ်းထားသည့် ၁၀ လတာ ကာလအတွင်း ပြည်သူလူထု အထူးသဖြင့်အခြေခံလူတန်းစားများ ဝင်ငွေအခက်အခဲဖြစ်နေကြခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိုအစီအစဉ်ကို ရန်ကုန်မြို့က စတင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly