လာမည့်နှစ်တွင် မြန်မာပြည်သူထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ရလိမ့်မည်ဟု UNDP ပြော

လာမည့်နှစ်တွင် မြန်မာပြည်သူထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ရလိမ့်မည်ဟု UNDP ပြော

ဒီဇင်ဘာ ၁

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ခဲ့သည့် နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေနှင့် COVID-19 ကပ်ရောဂါတို့ကြောင့် စီးပွားရေး လုပ်ငန်းကိုင်ငန်းများ ထိခိုက်ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံရှိ လူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ် ၂၀၂၂ စပိုင်းတွင် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ကြရလိမ့်မည် ဖြစ်ပြီး ယင်းသည် အကြမ်းဖျင်းအားဖြင့် ပြီးခဲ့သည့် ငါးနှစ်ကထက် နှစ်ဆ တိုးလာမှု ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

တနိုင်ငံလုံးတွင် UNDP က တစ်ရက်လျှင် ကျပ်ငွေ ၁,၅၉၀ (ဒေါ်လာ ၀ ဒသမ ၉၀) အဖြစ် ဖွင့်ဆိုသတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုအခြေပြမျဉ်းအောက်တွင် နေထိုင်နေကြရသူ ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်းကနေ ၄၆ ဒသမ ၃ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာလိမ့်မည်ဖြစ်ကြောင်း ကုလအဖွဲ့အစည်းက ပြောသည်။ မြို့ပြဧရိယာများတွင် ၃၇ ဒသမ ၂ ရာခိုင်နှုန်းသည် ၂၀၂၂ နှစ်စပိုင်းတွင် ဆင်းရဲမွဲတေမှုအောက် ကျဆင်းသွားမည် ဖြစ်ပြီး ယင်းသည် ၂၀၁၇ ခုနှစ်က ၁၁ ဒသမ ၃ ရာခိုင်နှုန်းကနေ သုံးဆကျော် တိုးသည့် ပမာဏဖြစ်သည်။

"ဒီ အတိုင်းအတာပမာဏ နဲ့ ဆင်းရဲနွမ်းပါးမှုအောက် ကျဆင်းသွားမှုဆိုတာကတော့ လူလတ်တန်းစား ကွယ်ပျောက်မှုအဖြစ် ဆိုလိုလို့ ရနိုင်ပါတယ်" ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒေသဗျူရို၏ ညွှန်ကြားရေးမှူး ကန်နီ ဝစ်ဂ်နာရာဂျာက နိုဝင်ဘာ ၃၀ ရက်တွင် Nikkei Asian ကို ပြောသည်။ လူလတ်တန်းစားတို့သည် ထုံးစံအားဖြင့် စီးပွားရေးတစ်ခုတွင် တိုးတက်ဖွံ့ဖြိုးမှုကို မောင်းနှင်သည်။

လူလတ်တန်းစား လူဦးရေ၏ ငွေသုံးစွဲမှုက "အလုပ်အကိုင်သစ်များ၊ လုပ်ငန်းသစ်များ" ကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဝစ်ဂ်နာရာဂျာက ပြောသည်။ သို့သော် မြန်မာနိုင်ငံ၏ တချိန်က တိုးတက်စည်ပင်ခဲ့သည့် အထည်အလိပ်၊ ခရီးသွား၊ ဧည့်ခံပြုစုမှု နှင့် ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် COVID-19 နှင့် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု တို့ကြောင့် ဆိုးဝါးစွာ ထိခိုက်ထားခဲ့သည်။

"အလုပ်အကိုင်တွေ ဆုံးရှုံးထားခဲ့ရသူတွေဟာ ခုချိန်မှာ အိမ်ထောင်စု စုဆောင်းငွေတွေအပေါ် အားပြုနေရပြီး သူတို့ရဲ့ ဝင်ငွေ ဆုံးရှုံးမှု ဒါမှမဟုတ် ဝင်ငွေ လျော့မှုတို့ကို ဖြည့်စွက်ဖို့ စုဆောင်းငွေတွေနဲ့ပဲ စားသောက်နေကြရပါတယ်" ဟု သူမက ပြောသည်။ "လူလတ်တန်းစား ပြည်သူတွေဟာ အတော့်ကို ခနော်နီခနော်နဲ့ အနေအထားတစ်ခုမှာ ရပ်တည်နေရပါတယ်" ဟု ၎င်းက ပြောသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်၏ စက်တင်ဘာလထဲ ထုတ်ပြန်ခဲ့သည့် စီးပွားရေးအလားအလာ အစီရင်ခံစာတစ်ရပ်အရ နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၁ တွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့မည်ဟု ခန့်မှန်းခဲ့ပြီး ယင်းသည် ၉ ဒသမ ၈ ရာခိုင်နှုန်း ကျုံ့ဝင်မှုအဖြစ် ယခင်ခန့်မှန်းချက်ကနေ ကျသွားခဲ့ခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှု၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတို့ကြောင့် လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း မဟုတ်သည့် လုပ်ငန်းများတွင် ဝင်ငွေပိုင်းတွင် ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်း၊ လုပ်ခလစာများနှင့် စိုက်ပျိုးရေးဝင်ငွေပိုင်းတွင် ၂၅ ရာခိုင်နှုန်းစီ၊ ငွေပို့ငွေလွှဲမှုများနှင့် လူမှုဆိုင်ရာ ငွေလွှဲပြောင်းမှုပိုင်းတွင် ၁၀ ရာခိုင်နှုန်းဖြင့် ကျဆင်းမှုများ ဖြစ်ထားစေခဲ့ကြောင်း UNDP က ဒီဇင်ဘာ ၁ ရက် အစီရင်ခံစာတွင် ပြောသည်။

ရလဒ်တစ်ခုအနေဖြင့် မြန်မာနိုင်ငံသား ထက်ဝက်နီးပါးခန့်သည် လက်ရှိတွင် တကယ့်ကို ခက်ခဲသည့် ကာလနှင့် ရင်ဆိုင်နေရသည်ဟု UNDP က ပြောသည်။

ဤကဲ့သို့ အခြေအနေများက မည်သည့်အချိန်အထိ ဆက်ရှိနေမလဲဆိုသည်ကို လက်ရှိတွင် မခန့်မှန်းနိုင်သေးပေ။ အာဏာသိမ်းစစ်တပ်နှင့် ယင်းကို ဆန့်ကျင်နေသူများအကြား ပဋိပက္ခသည် လက်ရှိတွင် အရှိန်လျော့ကျရန် UNDP က မျှော်လင့်ထားခဲ့သော်လည်း တင်းမာမှုများသည် နိုင်ငံ၏ မတူညီသောနေရာဒေသများတွင် ဖြစ်ပေါ်နေဆဲဖြစ်ရာ အသေးစား စိုက်ပျိုးမွေးမြူရေးသမားများအတွက် အခြေအနေကို တောင့်ခံရန်မှာ အင်မတန် ခက်ခဲစေလျက် ရှိကြောင်း၊ အကြောင်းမှာ ပြည်တွင်း ဈေးကွက်များနှင့် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များမှာ ထိခိုက်ထားခဲ့၍ ဖြစ်ကြောင်း ဝစ်ဂ်နာရာဂျာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required