ရန်ကုန်မြို့နယ်အချို့တွင် မီတာဆောင်သူများစည်ကားနေ၊ မီးကတော့ ပုံမှန်ပျက်

01 December 2021
ရန်ကုန်မြို့နယ်အချို့တွင် မီတာဆောင်သူများစည်ကားနေ၊ မီးကတော့ ပုံမှန်ပျက်

ဒီဇင်ဘာ ၁

ရန်ကုန်မြို့နေရာတော်တော်များများတွင် လျှပ်စစ်မီတာပေးဆောင်ရန် တန်းစီစောင့်ဆိုင်းနေသူ လူရာဂဏန်းခန့်ရှိနေသည်ကို နိုဝင်ဘာ ၃၀ရက် နံနက်ပိုင်းက မဇ္ဈိမသတင်းထောက်တွေ့မြင်ခဲ့ရသည်။

တောင်ဒဂုံမြို့နယ် လျှပ်စစ်မီတာရုံးတွင် လူ၅၀၀မှ ၆၀၀ခန့်အထိရှိနေပြီး နေ့လည် ၁နာရီခန့်အထိ တန်းစီစောင့်ဆိုင်းနေသူများ ရှိနေသေးသည်။

သင်္ကန်းကျွန်း၊ သာကေတမြို့နယ်များရှိ လျှပ်စစ်မီတာရုံးများအရှေ့တွင်လည်း မီတာခပေးဆောင်ရန် စောင့်ဆိုင်းနေသည့် လူရာဂဏန်းခန့်ရှိသည်။

မီတာဆောင်ကြသည့် ပြည်သူများတွင် အိမ်ဌားနေထိုင်ရသူများ အများဆုံးဖြစ်ကြပြီး အိမ်ပိုင်ရှင်များကို မလွန်ဆန်နိုင်သောကြောင့် မီတာခများ လစဉ်ပေးဆောင်ကြရသည်ဟု မဇ္ဈိမကိုပြောကြသည်။

“ မီတာမဆောင်ဘဲ ကျွန်တော်တို့လည်း နေချင်ပေမယ့် ကိုယ်က အိမ်ဌားနေရတော့ အိမ်ရှင်မျက်နှာကြည့်ရတယ်။ သူတို့က သူတို့အိမ်ထိခိုက်မှာ တစ်ခုခုဖြစ်မှာစိုးတော့ မီတာဆောင်စေချင်တယ်။ မဆောင်နိုင်ရင် မထားဘူးဆိုတဲ့ ပုံစံတွေလည်းရှိတော့ ကျွန်တော်တို့လည်း လာဆောင်နေရတာပဲ ”ဟု မီတာလာဆောင်သူတစ်ဦးက ပြောသည်။

မီတာခများကတော့ ပုံမှန်ထက် ဈေးနှစ်ဆလောက် များပြားနေသည်ဟု ညည်းညူ

သံများကိုလည်း မီတောဆောင်သူများတွင်ကြားခဲ့ရသည်။

“ မီတာခတွေက ခန့်မှန်းကောက်တယ်လို့ ပြောကြတယ်ဗျ။ ကျွန်တော်တို့ ဆယ်ပေ အိမ်လေး တီဗီကြည့်တာ ထမင်းဟင်းချက်တာလောက်ပဲ သုံးတာတောင် တစ်လ သုံးသောင်းလောက်ကျတယ်ဗျ” ဟု ပြောသည်။

သို့သော် လစဉ် မီတာခပေးဆောင်နေကြသည့် မြို့နယ်များ ရပ်ကွက်များတွင်လည်းတစ်နေ့ လျှင်တစ်နာရီ နှစ်နာရီ ပုံမှန် မီးပျက်နေပြန်သည်။

နိုဝင်ဘာ ၃၀ရက် နေ့လည်ပိုင်းတွင် တောင်ဒဂုံရှိ မြို့နယ်အချို့တွင် နေ့လည်ပိုင်းစတင် မီးပျက်ခဲ့ပြီး တစ်နာရီကျော်အထိ မီးပျက်ခဲ့သည်။ထို့အပြင် သက်န်းကျွန်း၊ သန်လျင် ၊သာကေတ၊ရွေပေါက်ကံ အစရှိသည့် မြို့နယ်များရှိ ရပ်ကွက်အချို့တွင်လည်း တစ်နာရီနှင့်နှစ်နာရီကြားအထိ မီးပျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly