ပါကစ္စတန်မှ တရုတ်သို့ ပို့ဆောင်မည့် ရေဒီယိုသတ္တိကြွပစ္စည်း သယ်လာသည်ဟု ယုံကြည်ရသည့် ကုန်သေတ္တာများကို အိန္ဒိယ ဖမ်းမိ

ပါကစ္စတန်မှ တရုတ်သို့ ပို့ဆောင်မည့် ရေဒီယိုသတ္တိကြွပစ္စည်း သယ်လာသည်ဟု ယုံကြည်ရသည့် ကုန်သေတ္တာများကို အိန္ဒိယ ဖမ်းမိ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ တရုတ်နိုင်ငံ ရှန်ဟိုင်းသို့ တင်ပို့မည့် ရေဒီယိုသတ္တိကြွပစ္စည်းများ တင်ဆောင်ထားသည်ဟု ယုံကြည်ရသည့် နိုင်ငံခြားသင်္ဘောတစင်းမှ ကုန်သေတ္တာတချို့ကို အိန္ဒိယအကောက်ခွန်ဌာနနှင့် အခွန်ဘဏ္ဍာ ထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန (DRI) က ဖမ်းဆီးခဲ့ကြောင်း Adani Ports နှင့် Logistics ကုမ္ပဏီက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။

ကုန်စည်များသည် ဘေးအန္တရာယ်မရှိသည့် ကုန်များအဖြစ် စာရင်းသွင်းထားကြောင်း၊ သို့သော် ဖမ်းဆီးသိမ်းဆည်းထားခဲ့သည် ကုန်သေတ္တာများမှာ ဘေးအန္တရာယ်ရှိသည့် အတန်းအစား ၇ အမှတ်အသားများ (ရေဒီယိုသတ္တိကြွမှု ပစ္စည်းများကို ညွှန်ပြုသည့် အရာ) များ ရှိနေသည်ကို တွေရှိရကြောင်း ကုမ္ပဏီက မီဒီယာထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

"၂၀၂၁ နိုဝင်ဘာ ၁၈ ရက်က တရားဝင် ထုတ်ဖော်ကြေညာခြင်း မရှိတဲ့ အန္တရာယ်ရှိ ကုန်စည်တွေ ပါနေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ မွန်ဒရာ ဆိပ်ကမ်းမှာ ပြည်ပသင်္ဘောတစင်းပေါ်ကနေ ကုန်သေတ္တာတချို့ကို အကောက်ခွန်နဲ့ DRI ပူးတွဲအဖွဲ့တစ်ခုက သိမ်းဆည်းရမိခဲ့ပါတယ်၊ ကုန်စည်တွေက အန္တရာယ်မရှိတဲ့ ကုန်တွေအဖြစ် စာရင်းသွင်းထားပေမယ့် ဖမ်းမိထားခဲ့တဲ့ ကုန်သေတ္တာတွေက အန္တရာယ်ရှိတဲ့ အတန်းအစား ၇ အမှတ်အသားတွေ (ရေဒီယိုသတ္တိကြွမှု ပစ္စည်းများကို ညွှန်ပြုသည့် အရာ) ရှိနေပါတယ်၊ ဒီကုန်သေတ္တာတွေက မွန်ဒရာ ဆိပ်ကမ်း ဒါမှမဟုတ် အိန္ဒိယရဲ့ အခြားဆိပ်ကမ်းတခုခုကို ဦးတည်တာ မဟုတ်ဘဲ ဒါက ပါကစ္စတန်ရဲ့ ကရာချိကနေ တရုတ်ရဲ့ ရှန်ဟိုင်းကို ဦးတည်တာဖြစ်ပါတယ်၊ ခုတော့ အစိုးရအာဏာပိုင်တွေက ဒါကို နောက်ထပ်စစ်ဆေးမှုတစ်ခုလုပ်ဖို့ မွန်ဒရာ ဆိပ်ကမ်းမှာ ချထားလိုက်ပါပြီ" ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ယင်းက ထုတ်ပြန်သည်။

ဤလုပ်ငန်းစဥ်အတွက် တတ်နိုင်သမျှ အကူအညီအားလုံးကို Adani Ports နှင့် SEZ Ltd (APSEZ) တို့ဘက်က ပေးထားသလို မြန်ဆန်ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှုအတွက် အကောက်ခွန်နှင့် DRI တို့၏ အမှုထမ်းများကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"သူတို့ရဲ့ ကြိုးစားမှုအတွက် ကျွန်တော်တို့ ဂုဏ်ပြုပါတယ်၊ အိန္ဒိယကို ဘေးကင်းစေအောင် လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်မှန်သမျှကို ကျွန်တော်တို့ အပြည့်အဝ ဆက်လက်ကူညီမှာပါ၊ အဒါနီ ဂရု(ပ်) ဟာ အမျိုးသားလုံခြုံရေးကို အထူးအလေးထားပါတယ်၊ ဒါကို ဘယ်နည်းနဲ့မှ ထိခိုက်ခံမှာ မဟုတ်ပါဘူး" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly