အာဖဂန်နစ္စတန်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗလီမျှော်စင်ကြီး ပြိုကျမည့် အန္တရာယ်ရှိနေ

By First India
30 November 2021
အာဖဂန်နစ္စတန်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗလီမျှော်စင်ကြီး ပြိုကျမည့် အန္တရာယ်ရှိနေ

အာဖဂန်နစ္စတန်နိုင်ငံ၊ ဂေါပြည်နယ်တွင် တည်ရှိသည့် နာမည်ကျော် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည့် ဂျမ်ရှိ ဗလီမျှော်စင်သည် ယခုအခါ ပြိုကျမည့် အန္တရာယ်ရှိနေကြောင်း တာလီဘန်အရာရှိတစ်ဦးက ပြောသည်။

"ဒီ ဗလီမျှော်စင်ရဲ့ အခြေအနေကို သေချာအလေးထားပြီး မထိန်းသိမ်းဘူးဆိုရင် ကျွန်တော်တို့ဟာ သိပ်မကြာခင်မှာ ဒီဗလီမျှော်စင်ကြီး ပြိုကျသွားတာကို တွေ့ရပါလိမ့်မယ်၊ ဒါက ကြီးမားတဲ့ အရှက်ရစရာကိစ္စတစ်ခုဖြစ်ပါတယ်၊ ယူနက်စကိုက တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို အထူးအလေးထားလုပ်ဆောင်သင့်ပါတယ်" ဟု ဂေါပြည်နယ်၏ ပြန်ကြားရေးနှင့် ယဥ်ကျေးမှုဌာနမှ အကြီးအကဲဖြစ်သည့် အဗ္ဗဒူလ် ဟိုင်က နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်ဟု Tolo News က ဖော်ပြသည်။

ဂျမ်ရှိ ဗလီမျှော်စင်ကို ဂီယာဆူဒင် ဂိုရီဘုရင်လက်ထက် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ ဝန်းကျင်ခန့်အကြာက တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၂၀၀၂ ခုနှစ်က စာရင်းသွင်းခဲ့သည်။ ယင်းသည် ဟာရီရုဒ် မြစ်နှင့် ဆာဘာ ဖယ်လက်ခ် မြို့စွန်အကြားတွင် တည်ရှိသည်။

ယင်းဗလီမျှော်စင်သည် ၆၂ မီတာ အမြင့်ရှိပြီး ယင်းကို ဖုတ်ထားသည့်အုတ်များဖြင့် တည်ဆောက်ထားခဲ့ကာ ယင်း၏ အနုစိတ်သော အုတ်၊ အင်္ဂတေနု နှင့် စဥ့်ရည်သုတ်ပြားများဖြင့် အလှဆင်ထားမှုအတွက် နာမည်ကျော်ကြားသည်။

"ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဒီဗလီမျှော်စင်ကို ကာကွယ်ထိန်းသိမ်းဖို့ အလေးထားဂရုစိုက်မှုမျိုး မရှိခဲ့ပါဘူး၊ ခုချိန်မှာတော့ ကျွန်တော်တို့ဟာ လာမယ့် ဆောင်းတွင်းကျရင် ဒီဗလီမျှော်စင်ကြီး ပြိုကျသွားတော့မလား ဆိုပြီး အထူးတလည် စိုးရိမ်ပူပန်နေရပါပြီ" ဟု အရပ်ဘက်ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဟက်ဆန် ဟက်ကင်မ်က ပြောခဲ့သည်ဟု Tolo News က ဖော်ပြသည်။

တချိန်တည်းမှာပင် သြဂုတ်လလယ်၌ အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာလျက်ဖြင့် ယင်းနိုင်ငံ၏ ထွေပြားစုံလင်သည့် ယဥ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကုလသမဂ္ဂ ယဥ်ကျေးမှု အေဂျင်စီက တာလီဘန်တို့ကို တောင်းဆိုခဲ့သည်။

အစောပိုင်းကလည်း တာလီဘန်တို့သည် ဘာမီယန်ဒေသရှိ အသတ်ခံရသော ဟာဇာရာ ခေါင်းဆောင် အဗ္ဗဒူလ် အလီ မာဇာရီ၏ ရုပ်တုကို ဖောက်ခွဲဖျက်ဆီးခဲ့ရာ ယင်းသည် ၂၀၀၁ ခုနှစ်က ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီးများကို ဖျက်ဆီးခဲ့မှုဖြစ်စဥ်ကို မနှစ်မြို့ဖွယ်ရာ ပြန်ပြောင်းအမှတ်ရမိစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly