ပင်လယ်ထဲ ၂၂ နာရီကြာ မျောပါနေခဲ့တဲ့ ဂျပန်အမျိုးသားကို ကယ်တင်ခဲ့

ပင်လယ်ထဲ ၂၂ နာရီကြာ မျောပါနေခဲ့တဲ့ ဂျပန်အမျိုးသားကို ကယ်တင်ခဲ့

နိုဝင်ဘာ ၃၀

ဂျပန်နိုင်ငံမှာ ပင်လယ်ပြင်တွင်း လှေမှောက်ပြီး ၂၂ နာရီကြာ မျောပါနေခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကမ်းခြေစောင့်တပ်ဖွဲ့က ရှာတွေ့ပြီး ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါအမျိုးသား ပင်လယ်ပြင်ထဲ မျောပါနေခဲ့ပြီး ခုလို ရှင်သန်လွတ်မြောက်ခဲ့မှုကတော့ "အံ့သြဖွယ်ရာ" ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမည် မဖော်ပြတဲ့ အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စုရဲ့ မလှမ်းမကမ်းမှာ လှေတစ်စင်းနဲ့ တစ်ဦးတည်း သွားနေခဲ့ပြီး ယာကူရှီးမား အပန်းဖြေကျွန်းဆီ သွားရာလမ်းမှာ ၎င်းရဲ့ လှေတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

၎င်းဟာ ကျွန်းပေါ်က အသိမိတ်ဆွေတစ်ဦးဆီ ဖုန်းဆက် အကူအညီတောင်းခဲ့ပြီးနောက် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းကို လိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။ ယင်းနေ့ တစ်နေ့တာ နီးပါး ၎င်းကို ရှာမတွေ့ဘဲ ဖြစ်နေခဲ့ပြီးမှ နောက်ဆုံးမှာ တိမ်းမှောက်နေတဲ့ လှေရဲ့ အင်ဂျင်ပေါ်မှာ ထိုင်ပြီး ပန်ကာအစိတ်အပိုင်းတစ်ခုကို ခပ်တင်းတင်း ဆုပ်ကိုင်လျက်သား ရှိနေတဲ့ အဆိုပါအမျိုးသားကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က အေအက်ဖ်ပီကို ပြောပါတယ်။

"သူက ပင်လယ်ထဲမှာ ၂၂ နာရီကြာ တစ်ယောက်တည်း ရှိနေခဲ့တာပါ၊ သူ့ရဲ့ ရှင်သန်လွတ်မြောက်နိုင်စွမ်း အရည်အချင်းတွေက အံ့သြစရာ ပါပဲ" လို့ အမည်မဖော်လိုသူ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့က ဖော်ပြတဲ့ ရုပ်သံတစ်ခုထဲမှာတော့ အဖွဲ့က ၎င်းရဲ့ လှေဆီ သွားနေပြီး "ကျွန်တော်တို့ လာနေပြီ၊ မြဲမြဲကိုင်ထား" ဆိုပြီး အော်ပြောနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါ အမျိုးသားဟာ မီးခိုးရောင် ပလတ်စတစ် အစတစ်ခုနဲ့ သူ့ကိုယ်သူ ပတ်ထားပြီး အနွေးဓာတ်ရအောင် လုပ်ထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

"သူ အသက်ရှင်လွတ်မြောက်ခဲ့တာက အံ့ဖွယ်ပါပဲ" လို့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly