အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားများ ကာဇက်စတန်နယ်စပ်မှတဆင့် ရုရှားသို့ စိမ့်ဝင်ရောက်ရှိနိုင်

အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားများ ကာဇက်စတန်နယ်စပ်မှတဆင့် ရုရှားသို့ စိမ့်ဝင်ရောက်ရှိနိုင်

အာဖဂန်နစ္စတန်နိုင်ငံမှ အကြမ်းဖက်သမားများသည် ဗဟိုအာရှနိုင်ငံများသို့ ဝင်ရောက်နိုင်ပြီး ယင်းနောက် ကာဇက်စတန်နိုင်ငံ နယ်စပ်မှတဆင့် ရုရှားနိုင်ငံထဲသို့ ဆက်လက်စိမ့်ဝင်ရောက်ရှိနိုင်ကြောင်း ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး အလက်ဇန္ဒား ဂရီဘန်ကင်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ရှိ အခြေအနေအပေါ် မော်စကိုအနေဖြင့် အသေအချာ စောင့်ကြည့်လျက်ရှိကြောင်း ဂရီဘန်ကင်က ရုရှားအစိုးရ၏ Rossiyskaya Gazeta သတင်းစာနှင့် အင်တာဗျူးဖြေကြားစဥ် ပြောကြားခဲ့မှုကို ကိုးကားပြီး Sputnik က ဖော်ပြသည်။

"နိုင်ငံတကာ အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ အဖွဲ့သားတွေဟာ ရုရှားနိုင်ငံရဲ့ နယ်နမိတ်ထဲ စိမ့်ဝင်ရောက်ရှိနိုင်တဲ့ အန္တရာယ် ရှိပါတယ်၊ နောက်ပြီး အဖျက်အမှောင့်အလုပ်တွေ၊ အကြမ်းဖက်မှုတွေ လုပ်ဆောင်မှု နည်းလမ်းတွေနဲ့ ရွှေ့ပြောင်းလာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့ နယ်စပ်တွေအနီးမှာ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ မတည်မငြိမ်မှုကို တိုးပွားလာစေအောင် အားပေးနေတဲ့ အခြေအနေတွေ မြင့်တက်လာမှုရဲ့ ရလဒ် ဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ဒေသတွင်းရှိ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် အခြေအနေသည် တိုးတက်လာဖွယ် မရှိသေးကြောင်း ဂရီဘန်ကင်က မှတ်ချက်ပြုခဲ့သလို မူးယစ်ဆေး တရားမဝင် ရောင်းဝယ်ခြင်း၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်အုပ်စုများ၏ အဖွဲ့ဝင်များ ပုန်းလျှိုးကွယ်လျှိုး ပါလာမည့် ဒုက္ခသည် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မထိန်းချုပ်နိုင်သော အခြေအနေတို့ ထပ်မံ မြင့်တက်နိုင်သည်ဟု မော်စကိုဘက်က တွက်ဆထားဟု ပြောခဲ့ကြောင်း Sputnik က ဖော်ပြသည်။

"အာဖဂန်နစ္စတန်ကနေ စစ်သွေးကြွတွေနဲ့ အကြမ်းဖက်သမားတွေဟာ ဗဟိုအာရှဒေသနိုင်ငံတွေဆီ ထိုးဖောက်ဝင်ရောက်လာနိုင်ပါတယ်၊ အဲဒီကနေပြီးတော့ ရုရှား-ကာဇက် နယ်စပ်အပိုင်းကနေတဆင့် ရုရှားနိုင်ငံထဲ ရောက်ရှိလာနိုင်ပါတယ်" ဟု ဂရီဘန်ကင်က ပြောသည်။

"မကြာသေးခင်က CIS အဖွဲ့ဝင်နိုင်ငံတွေက လုံခြုံရေးကောင်စီ အတွင်းရေးမှူးတွေရဲ့ နှစ်စဥ်ကျင်းပမြဲ အစည်းအဝေးမှာ ဒီကိစ္စက အဓိက ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် သြဂုတ်လ ၁၅ ရက်က ကဘူးလ်မြို့ထဲ တာလီဘန်တို့ ဝင်ရောက်ခဲ့မှုနှင့်အတူ အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရ ပြုတ်ကျသွားခဲ့သည်။ ယင်းနောက် စက်တင်ဘာလကုန်ပိုင်းတွင် တာလီဘန်အဖွဲ့က အာဖဂန်ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ယင်းနိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် စီးပွားရေး၊ လူသားချင်းစာနာမှုနှင့် လုံခြုံရေးအကျပ်အတည်းဆိုင်ရာ ပိုမိုနက်ရှိုင်းလာနေသည့် အခြေအနေများဖြင့် ရိုက်ခတ်ခံနေရသည်။ အစိုးရများမှ စပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများအထိ ပါဝင်သော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဖဂန်ပြည်သူများကို အကူအညီများ ပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly