ဒီမိုကရေစီထိပ်သီးအစည်းအဝေး သို့ ထိုင်ဝမ်အား ဖိတ်ကြားမည့် ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်အပေါ် တရုတ် ဒေါသထွက်

ဒီမိုကရေစီထိပ်သီးအစည်းအဝေး သို့ ထိုင်ဝမ်အား ဖိတ်ကြားမည့် ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်အပေါ် တရုတ် ဒေါသထွက်

အွန်လိုင်းမှတစ်ဆင့် ကျင်းပမည့် 'ဒီမိုကရေစီထိပ်သီးအစည်းအဝေး' သို့ ထိုင်ဝမ်အား ဆက်လက် ဖိတ်ကြားမည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တရုတ်က ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူများကို အခြေအနေအခွင့်အရေးတစ်ရပ် ပေးခြင်းအား ရပ်တန့်ရန် တိုက်တွန်းလိုက်သည်။

“ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ထိုင်ဝမ်အာဏာပိုင်များကို အမေရိကန်က ဖိတ်ကြားချက်ကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါသည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းကို ကိုးကား၍ Radio Free Asia မှ ဖော်ပြခဲ့ပါသည်။

" ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူများကို အခြေအနေအခွင့်အရေးတစ်ရပ် ပေးခြင်းအား ရပ်တန့်ရန် မိမိတို့က အမေရိကန်ကို တိုက်တွန်းသည်" ဟု ကျောက်က ပြောကြားပြီး "မီးနဲ့ ကစားသူတွေ မီးလောင်ခံရပါမယ်" ဟု ကျောက်က ထပ်မံ ပြောကြားသည်။

ဒေသတွင်း တရုတ်၏ ရန်လိုမှုများကို ဝေဖန်ပြီး ဒီမိုကရေစီကို ထောက်ခံအားပေးသည့် ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အား လှူဒါန်းသည့် ထိုင်ဝမ်ကုမ္ပဏီများအား တရုတ်အစိုးရက ဒဏ်ရိုက်ပြီးနောက် အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်ဟု Radio Free Asia သတင်းတွင် ဖော်ပြထားသည်။

"ထိုင်ဝမ် ခွဲထွက်ရေးကို ပံ့ပိုးတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် အစာကျွေးတဲ့ လက်ကို ပြန်ကိုက်သူတွေကို ဒီမှာ ငွေရှာဖို့ ဘယ်တော့မှ ခွင့်မပြုပါဘူး" ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖန်းလန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုသတင်းပတ်အစောပိုင်းတွင် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်ကို ကျူးကျော် ဝင်ရောက်လာသည့် နျူကလီးယား လက်နက်သယ်ဆောင်နိုင်သော H-6 ဗုံးကျဲလေယာဉ် ၂ စင်း အပါအဝင် တရုတ်လေယာဉ် ၉ စင်းကို ထိုင်ဝမ်က တွေ့ရှိခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လေယာဉ်များသည် ကျွန်း၏ တောင်ဘက်သို့ ပျံသန်းခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ဗုံးကျဲလေယာဉ် ၂ စင်းသည် တရုတ်သို့ ပြန်လည်မပျံသန်းမီ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်ကို ပိုင်းခြားထားသည့် ပါရှစ်ရေလက်ကြားသို့ ပျံသန်းသွားခဲ့ပြီး အခြားလေယာဉ်များကို ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတတ်စ် ကျွန်းစုများအနီးတွင် တွေ့ရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly