ကမ္ဘာ့နိုင်ငံများက စိုးရိမ်နေသော်လည်း အင်တာပိုလ်တွင် တရုတ်ကိုယ်စားလှယ် ရွေးချယ်ခံရ

ကမ္ဘာ့နိုင်ငံများက စိုးရိမ်နေသော်လည်း အင်တာပိုလ်တွင် တရုတ်ကိုယ်စားလှယ် ရွေးချယ်ခံရ

တူရကီတွင် လက်ရှိကျင်းပနေသော နိုင်ငံတကာ ရာဇဝတ်မှုခင်းရဲတပ်ဖွဲ့ (INTERPOL) ၏ ၈၉ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးတွင် အမှုဆောင်ကော်မတီအတွက် တရုတ်အစိုးရ အကြီးတန်းအရာရှိ ဟူပင်ချန်း ရွေးချယ်ခံရမှုအပေါ် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံတကာမှ ပါလီမန်အမတ်များမဟာမိတ်အဖွဲ့က လွန်စွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

"တရုတ်နိုင်ငံမှ ဟူပင်ချန်းနှင့် အိန္ဒိယမှ ပရာဗီးဆင်ဟာတို့အား အာရှရေးရာ ကိုယ်စားလှယ်ရာထူး (၃ နှစ်သက်တမ်း) အတွက် ရွေးချယ်တင်မြှောက်လိုက်ကြောင်း အင်တာပိုလ်က တွစ်တာတွင် ကြေညာခဲ့သည်။

တရုတ်အစိုးရသည် ပြည်ပရောက် အတိုက်အခံများကို ညှဉ်းပန်းနှိပ်စက်ရန် အင်တာပိုလ်၏ အနီရောင်သတိပေးချက်ကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံတကာပါလီမန်များဆိုင်ရာ မဟာမိတ်အဖွဲ့ (IPAC) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

"ဟူကို ရွေးကောက်တင်မြှောက်လိုက်တာဟာ ကမ္ဘာအဝှမ်း ဖိနှိပ်တဲ့မူဝါဒတွေအတွက် အင်တာပိုလ်ကို အသုံးချနိုင်ဖို့ တရုတ်အစိုးရကို မီးစိမ်းပြလိုက်တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဟောင်ကောင်၊ ဝီဂါ၊ တိဗက်၊ ထိုင်ဝမ်နဲ့ တရုတ်အတိုက်အခံတွေကို ပိုမိုကြီးမားတဲ့အန္တရာယ်ကျရောက်စေပါတယ်” ဟု IPAC က ပြောကြားခဲ့သည်။

" တရုတ်ရဲ့ လက်တံရှည်လှတဲ့ ထိန်းသိမ်းကြပ်မတ်မှုကို နိုင်ငံရပ်ခြားမှာ ဆက်လုပ်ဖို့ ခွင့်မပြုသင့်ပါဘူး။ အဲဒီလို ချိုးဖောက်မှုတွေကြောင့် PRC နဲ့ဟောင်ကောင်နဲ့ပတ်သက်တဲ့ လွှဲပြောင်းရေးဆိုင်ရာ သဘောတူစာချုပ်တွေကို ရုပ်သိမ်းပေးဖို့ အစိုးရအားလုံးကို ထပ်တလဲလဲတောင်းဆိုပါတယ်။ ပြည်ပတွင်နေထိုင်သော တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေနဲ့ ပြည်နှင်ဒဏ်ခံရသူတွေကို PRC အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှုနဲ့ ခြိမ်းခြောက်မှုကနေ အကာအကွယ်ပေးရပါမယ်” ကြေညာချက်တွင် ဖော်ပြထားသည်။ အစောပိုင်းက ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများသည် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဟူပင်ချန်းအား အင်တာပိုလ်အမှုဆောင်ကော်မတီအတွက် အမည်စာရင်းတင်သွင်းခြင်းကို ဆန့်ကျင်ရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly