ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ပြည်ပမှာ ဆေးကုသခွင့်မရပါက အသက်အန္တရာယ် စိုးရိမ်ရဟု ဆရာဝန်တွေ ပြော

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ပြည်ပမှာ ဆေးကုသခွင့်မရပါက အသက်အန္တရာယ် စိုးရိမ်ရဟု ဆရာဝန်တွေ ပြော

နိုဝင်ဘာ ၂၉

နာမကျန်းဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်တဲ့ ခါလီဒါ ဇီယာဟာ လက်ရှိ ကျန်းမာရေးအခြေအနေအရ ပြည်ပမှာ သွားရောက်ဆေးကုသမှု ခံယူဖို့ လိုနေပြီး အဲဒီလို ကုသခွင့်မရဘူးဆိုရင် သူမရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ် ဆိုပြီး သူမကို ကုသပေးနေတဲ့ ဆရာဝန်တွေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာစီနာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အသက် ၇၆ နှစ်ရှိ ဇီယာဟာ အသည်းခြောက် ရောဂါ ခံစားနေရတာဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်အတွင်း ကိုယ်အတွင်းဘက် သွေးယိုစိမ့်မှုသုံးခု ခံစားထားခဲ့ရတယ်လို့ သူမရဲ့ ဆရာဝန်တွေက ပြောပါတယ်။

"ကိုယ်တွင်း သွေးယိုစိမ့်မှု ထပ်မဖြစ်အောင် ထိန်းချုပ်ဖို့ ထောက်ကူနိုင်မယ့် နည်းပညာမျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး" လို့ သူမကို ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့ ခေါင်းဆောင် ဖက်ခ်ရူဒင် မိုဟာမက် ဆစ်ဒီကွီးက သူမရဲ့ နေအိမ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဇီယာဟာ လာမည့်အပတ်မှာ နောက်ထပ် ကိုယ်တွင်း သွေးယိုစိမ့်မှု ထပ်ဖြစ်နိုင်တဲ့ အလားအလာ ၅၀ ရာခိုင်နှုန်း ရှိနေသလို လာမည့် ခြောက်ပတ်အတွင်း သွေးယိုစိမ့်မှု ဖြစ်နိုင်မယ့် အလားအလာ ၇၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

"ကိုယ်တွင်း သွေးယိုစိမ့်မှုကို ထိန်းချုပ်နိုင်မယ့် အလားအလာက နည်းပါးနေပါတယ်၊ အဲဒီလို အခြေအနေမျိုးမှာ သူ့အတွက် အသက်အန္တရာယ်ရှိပါတယ်" လို့ ၎င်းက ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ လူနာရဲ့ အသက်ကို ကယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ TPIS လုပ်ဖို့ လိုပါတယ်" လို့ ၎င်းက အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီတို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ ရရှိနိုင်တဲ့ အဆင့်မြင့်ခေတ်မီ ဆေးကုသမှုလုပ်ငန်းစဉ်တစ်ခုကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဇီယာဟာ COVID-19 ကနေ ပြန်လည် သက်သာခဲ့ပြီး ငါးလအကြာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကတည်းက ဒါကာမြို့ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ တက်ရောက်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အဓိက အတိုက်အခံ ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူဟာ ၂၀၁၈ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ စီရင်ချက်ချခံရပြီးနောက် နိုင်ငံကနေ ပြည်ပကို ထွက်ခွာခွင့်အပေါ် တရားရုံးတစ်ခုက တားမြစ်ပိတ်ပင်ထားပါတယ်။

သူမရဲ့ အခြေအနေ ပိုမိုဆိုးရွားလာတာနဲ့အတူ သူမရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကို ထောက်ခံသူတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတဝန်း ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပြီး သူမကို ပြည်ပမှာ သွားရောက်ဆေးကုသခွင့်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ပိုင်း Natore ခရိုင်မှာတော့ နိုဝင်ဘာ ၂၂ ရက်က BNP တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့မှုအတွင်း လူ ၂၀ ခန့် ဒဏ်ရာတွေရခဲ့ပါတယ်။

ဇီယာရဲ့ မိသားစုနဲ့ သူမပါတီရဲ့ ပန်ကြားမှုတွေကို ယခုလအစောပိုင်းမှာ ဝန်ကြီးချုပ် ဟာစီနာက ပယ်ချထားခဲ့ပုံရပါတယ်။

"ခါလီဒါ ဇီယာအတွက် ကျွန်မ လုပ်ပေးနိုင်တာမှန်သမျှ လုပ်ပေးထားပြီးပါပြီ၊ ခုချိန်မှာတော့ ရှေ့ဆက်ပြီးတော့ တရားဥပဒေကပဲ ဆုံးဖြတ်ပါလိမ့်မယ်" လို့ ဟာစီနာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

BNP အနေနဲ့ ပြည်ပကနေ ဆရာဝန်တွေ ခေါ်ယူကုသဖို့ ဝန်ကြီးတစ်ဦးက အကြံပြုပါတယ်။

ဇီယာကတော့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ၂၀၁၈ ဖေဖေါ်ဝါရီမှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပေမယ့် ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု ရှိနေခဲ့တယ်လို့ BNP ပါတီက ပြောထားခဲ့ပါတယ်။

သူမဟာ အကျဉ်းထောင်ထဲမှာ အခြေအနေ ယိုယွင်းနေခဲ့တဲ့အတွက် ယမန်နှစ် မတ်လက ပြန်လွတ်ခဲ့ပေမယ့် ပြည်ပထွက်ခွာဖို့ ပိတ်ပင်ခံထားရသလို ပြည်တွင်းဆေးရုံတစ်ခုမှာပဲ ကုသနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required