သန်းခေါင်ယံအချိန် သမီးဖြစ်သူကို ကျူးကျော်လာသူ အမှတ်မှား၍ မိခင်က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး

သန်းခေါင်ယံအချိန် သမီးဖြစ်သူကို ကျူးကျော်လာသူ အမှတ်မှား၍ မိခင်က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး

စိန့်ကလောက်၊ ဒီဇင်ဘာ-၃၁ ။          ။ ဒီကိစ္စက အချက်မသိတော့ သမက်ကို သူခိုးထင်တာမျိုးတော့ မဟုတ်ပါဘူး။ သမီးကို သူခိုးထင်ရာက ရင့်စရာနဲ့ အဆုံးသတ်သွားတဲ့ ဇာတ်လမ်းလေးပါ။

ဖလော်ရီဒါ၊ စိန့်ကလောက်က အမျိုးသမီးကြီးတစ်ယောက်ဟာ ဒီဇင်ဘာ ၂၉ရက်နေ့က သန်းခေါင်ယံအချိန်မှာ တရေးနိုးလာခဲ့အခါမှာ လူရိပ်တစ်ခုကို အိမ်ထဲကို ကျူးကျော် ဝင်ရောက်လာသူ အမှတ်နဲ့ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလူရိပ်ဟာ ကျူးကျော်လာသူမဟုတ်ဘဲ အသက် ၂၇နှစ်အရွယ် သူ့သမီးဖြစ်နေတာကို ရင်နင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

အမျိုးသမီးကြီးက တစ်ချက်တည်းပစ်လိုက်လို့၊ ကျည်ဆန်က သမီးဖြစ်သူကို မှန်မမှန် ရဲက ဖွင့်မပြောပေမယ့်လည်း သမီးဖြစ်သူကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပါတယ်။ မတော်တဆ ပစ်ခတ်မိတာဖြစ်ပုံရတယ်လို့ ရဲက ပြောပေမယ့် စုံစမ်းဆဲလို့လည်း ဆိုပါတယ်။

အိမ်ရှင်ပြောပြတဲ့ ဇာတ်လမ်းက ရုပ်ပစ္စည်းအထောက်အထားတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ကိုက်ညီနေတယ်လို့ ရဲက ပြောပါတယ်။

အမျိုးသမီးကြီးရဲ့ ခင်ပွန်းက စိန့်ကလောက်ရဲဌာနက လျှို့ဝှက်မူးယစ်အရာရှိဟောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

ရဲဌာနကို ခေါ်ဆိုလာတဲ့ အရေးပေါ်ဖုန်းမှတ်တမ်းမှာတော့ ခင်ပွန်းဖြစ်သူက ဖုန်းလက်ခံသူကို သမီးဖြစ်သူမှာ နှလုံးရောဂါကြောင့် နှလုံးခုန်စက် တပ်ထားရပြီး၊ ကွယ်လွန်သွားကြောင်း ပြောကြားခဲ့ပေမယ့်   သေနတ်နဲ့ ပစ်တဲ့အကြောင်းကိုတော့ ထည့်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

အရေးပေါ်နှလုံးကုသမှု စီပီအာလုပ်ဖို့ ညွှန်ကြားလိုက်တဲ့အခါမှာ ခင်ပွန်းသည်က ဖုန်းဆီက ထွက်ခွာသွားလို့ အမျိုးသမီးကြီးကပဲ ဖုန်းလက်ခံသူကို စိုးရိမ်တကြီးနဲ့ ပြောလာပြန်တာက သမီးဖြစ်သူဟာ အသက်ရှူနေသေးပေမယ့် အတော်ကို နှေးကွေးသွားပြီလို့ ဆိုပါတယ်။

ဖုန်းပြောလို့ ၅မိနစ်လောက်ကြာလာတဲ့အခါမှာတော့ ဖုန်းလက်ခံသူက ဆေးအမှုထမ်းတွေ ရောက်လောက်ပြီလို့ အမျိုးသမီးကြီးကို ပြောလိုက်တယ်လို့ ဆိုပါတယ်။

လုပ်သက် ၁၇နှစ်နှစ်ရှိပြီဖြစ်တဲ့ အရာရှိကြီးဟာ ခွင့်ယူထားပေမယ့်လည်း အစစ်ဆေး မခံရနိုင်တာတော့ မဟုတ်ဘူးလို့ ရဲဌာနက ပြောကြားခဲ့ပါတယ်။

ရဲဌာနကတော့ ခင်ပွန်းဖြစ်သူရဲ့ လျှို့ဝှက်အပ်တဲ့ အလုပ်အကိုင်ကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ မိသားစုဝင်တွေ မည်သူမည်ဝါဆိုတာကို မဖော်ပြကြဖို့ မီဒီယာတွေကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly