ပါကစ္စတန်၌ နှစ်စဥ် ခရစ်ယာန်နှင့် ဟိန္ဒူအမျိုးသမီး ၁,၀၀၀ နီးပါး ဘာသာကူးပြောင်းရန် အတင်းအကျပ် ခိုင်းစေခံနေရ

ပါကစ္စတန်၌ နှစ်စဥ် ခရစ်ယာန်နှင့် ဟိန္ဒူအမျိုးသမီး ၁,၀၀၀ နီးပါး ဘာသာကူးပြောင်းရန် အတင်းအကျပ် ခိုင်းစေခံနေရ

ပါကစ္စတန်နိုင်ငံတွင် လူနည်းစုအမျိုးသမီးများအပေါ် ရက်စက်ကြမ်းကြုတ်မှုများသည် ယခုအခါ ပုံမှန်ဖြစ်နေကျကဲ့သို့ ဖြစ်လာနေပြီး မကြာသေးခင်က ထွက်ရှိခဲ့သည့် ဒေတာအချက်အလက်များအရ နှစ်စဥ် ခရစ်ယာန်နှင့် ဟိန္ဒူ အသိုင်းအဝိုင်းများမှ အမျိုးသမီး ၁,၀၀၀ နီးပါးခန့်မှာ အစ္စလမ်ဘာသာသို့ ကူးပြောင်းစေရန် အတင်းအကျပ်ခိုင်းစေခံနေရကြောင်း သိရသည်။

ဘာသာရေး လူနည်းစုများမှ အရွယ်မရောက်သေးသူ မိန်းကလေးများကို ပြန်ပေးဆွဲခေါ်ဆောင်မှုက ပါကစ္စတန်တွင် ပုံမှန်ဖြစ်နေပြီး မဆန်းတော့သည့် ကိစ္စတစ်ခုလိုမျိုး ဖြစ်နေသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အက်ရှစ်နက်ဇ် ခိုခါက ပြောကြားခဲ့သည်ဟု Greek City Times က ဖော်ပြသည်။

"ပါကစ္စတန်အစိုးရဟာ ဒီကိစ္စကို အလေးအနက်ထား လုပ်ဆောင်နေခြင်း မရှိပါဘူး၊ အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းတစ်ရပ် အတည်ပြုဖို့ကိုလည်း ပါလီမန်က မကြာသေးခင်က ပယ်ချခဲ့ပါသေးတယ်" ဟု ခိုခါက ပြောခဲ့သည်။

"နှစ်စဥ် နှစ်တိုင်း ခရစ်ယာန်နဲ့ ဟိန္ဒူ အသိုင်းအဝိုင်းတွေက မိန်းကလေး ၁,၀၀၀ နီးပါးလောက်ဟာ အစ္စလမ်ဘာသာကို အတင်းအကျပ်ကူးပြောင်းခိုင်းခံနေရပါတယ်၊ ဒါကြောင့် လူနည်းစုဝင် မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတစ်ရပ်ကို မဖြစ်မနေ လိုနေပါတယ်" ဟု ၎င်းက ပြောသည်။

ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်မှ ဖြစ်စဥ်တစ်ခုကို ရည်ညွှန်းလျက် ယင်းပြည်နယ်တွင် မွတ်ဆလင်ဘာသာဝင်တစ်ဦးက ခရစ်ယာန်မိန်းကလေးတစ်ဦးကို ပြန်ပေးဆွဲထားခဲ့ကြောင်း သတင်းဌာနက ဖော်ပြသည်။

ယင်းဖြစ်စဥ်တွင် ဘာလိုချီစတန်ပြည်နယ်သားတစ်ဦးဖြစ်သည့် မိုဟာမက် ဒေါ့ဒ် ဆိုသူက အသက် ၁၂ နှစ်အရွယ် မီရက်ဘ် အဘက်စ်ကို ပြန်ပေးဆွဲခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း Asia News သတင်းတစ်ပုဒ်ကို ကိုးကားပြီး Greek City Times က ဖော်ပြသည်။

ပါကစ္စတန်တွင် အမျိုးသမီးများ တွေ့ကြုံနေရသည့် အတိဒုက္ခများက တစ်နေ့တစ်ခြား တိုးလာနေပြီး မကြာသေးခင်က ထွက်ပေါ်ထားသည့် သတင်းတစ်ရပ်အရ ယခုနှစ် ၂၀၂၁ ပထမနှစ်ဝက်တွင် ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီး ၆,၇၅၄ ဦးနီးပါး ပြန်ပေးဆွဲခေါ်ဆောင်ခံထားရသည်ဟု ဖော်ပြထားသည်။

၎င်းတို့အနက် အမျိုးသမီး ၁,၈၉၀ ဦးသည် အဓမ္မပြုကျင့်ခံရပြီး ၃,၇၂၁ ဦးသည် ညှင်းပန်းနှိပ်စက်ခံခဲ့ရကာ ကလေးငယ် ၇၅၂ ဦးလည်း အဓမ္မကျင့်ခံခဲ့ရကြောင်း Duniya News က ဖော်ပြသည်။

ပါကစ္စတန်၏ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုဆိုင်ရာ အုပ်ထိန်းသူများဘုတ်အဖွဲ့ (TIP) က နိုင်ငံတွင် အမျိုးသမီးများအပေါ် တိုက်ခိုက်မှုဖြစ်စဥ်များ တိုးလာနေမှုအတွက် စိုးရိမ်ပူပန်ကြောင်း သြဂုတ်လက ထုတ်ဖော်ခဲ့သည်။

အစ္စလမ်မာဘတ်တွင် အဓမ္မပြုကျင့်မှုဖြစ်စဥ် ၃၄ ခုနီးပါး ဖြစ်ပေါ်ခဲ့ပြီး ယင်းတို့အနက် ဖြစ်စဥ် ၂၇ ခုကို မီဒီယာတွင် ဖော်ပြခဲ့သည်။ ပန်ဂျပ်ပြည်နယ်တွင် မှတ်တမ်းတင်ထားခဲ့သည့် တရားဝင် အကြမ်းဖက်မှု ဖြစ်စဥ်အရေအတွက်သည် ၃,၇၂၁ ခု ဖြစ်သော်လည်း ယင်းတို့အနက် ဖြစ်စဥ် ၉၃၈ ခုသာ မီဒီယာတွင် ဖော်ပြခြင်းခံခဲ့ရကြောင်း Duniya News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly