တည်ငြိမ်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် စိတ်ငြိမ်းချမ်းမှုရှိစေရန် ဒလိုင်းလားမား တိုက်တွန်း

တည်ငြိမ်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် စိတ်ငြိမ်းချမ်းမှုရှိစေရန် ဒလိုင်းလားမား တိုက်တွန်း

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် ဘရာဇီးနိုင်ငံ Palas Athena ပရဟိတအဖွဲ့မှ ပါမောက္ခ လီယာဒစ်ကင်နှင့် "ထောင်စုနှစ်သစ်အတွက် နှလုံးသားအား သင်ကြားပေးခြင်း" ဟူသော စကားဝိုင်းဖြင့် အွန်လိုင်းမှ ဆွေးနွေးခဲ့ရာတွင် တည်ငြိမ်သောဒီမိုကရေစီလူ့အဖွဲ့အစည်းများဖြစ်ရေးအတွက် စိတ်ငြိမ်းချမ်းမှု ရှိစေရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

“လူတွေမှာ ဒီမိုကရေစီနဲ့ လူမှုရေးတာဝန်ယူမှုဆိုင်ရာ အတွေ့အကြုံတွေ အများကြီးရှိကြပြီး ဒါဟာ ကျယ်ပြန့်တဲ့အသိုက်အဝန်းအတွက် စိုးရိမ်မှုကို ထင်ဟပ်စေပါတယ်။ ပိုတည်ငြိမ်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွေ မြင်ချင်ရင် စိတ်ငြိမ်းချမ်းမှုကိုပြုစုပျိုးထောင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းရပါမယ်” ဟု ဒလိုင်းလားမားက ဒီမိုကရေစီကို အလေးပေး ပြောဆိုခဲ့သည်။

ဒလိုင်းလားမားက ဆင်များသည် ဦးနှောက်ပိုကြီးသော်လည်း လူသားများသည် ဉာဏ်ပညာပိုထက်မြက်ကာ ‘ဉာဏ်ပညာသည် ထူးခြားသောလူ့အရည်အသွေးဖြစ်သည်’ဟူ၍ တိရိစ္ဆာန်များနှင့် လူသားများကို ကွဲပြားစေသည့် ဉာဏ်ရည်အပေါ် အလေးအနက်ထား၍ ပြောကြားခဲ့သည်။

“ဒါပေမယ့် ဒီဉာဏ်ပညာဟာ မုန်းတီးမှု၊ ဒေါသနဲ့ အကြောက်တရားတို့နဲ့ ပေါင်းစပ်လိုက်ရင် ဖျက်လို ဖျက်စီးလုပ်တတ်ပါတယ်။ ဒါကြောင့် အဲဒါကို စာနာတတ်တဲ့စိတ်နဲ့ပေါင်းစပ်ရပါမယ်။

“စာနာတတ်တဲ့စိတ်ကို ပြုစုပျိုးထောင်တာဟာ ဘာသာရေးကိစ္စတစ်ခုအနေနဲ့သာ မကပါဘူး။ ဒီနေ့ခေတ် သိပ္ပံပညာရှင်တွေတောင် အတွင်းစိတ်ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်မယ့် အထောက်အပံ့တွေကို တန်ဖိုးထားကြပါတယ်။ လူတွေရဲ့ဘဝတွေဟာ ကိုယ်နေထိုင်တဲ့ အသိုက်အဝန်းပေါ် မူတည်တာကြောင့် အချင်းချင်းကူညီဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ ဉာဏ်ပညာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး၊ နွေးထွေးစာနာတဲ့ စိတ်ထားလည်း လိုအပ်ပါတယ်” ဟု ဒလိုင်းလားမားက ဆက်လက်ပြောကြားသည်။

ရာသီဥတု အကျပ်အတည်းနှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ဟန်ချက်ညီစေရေးတို့နှင့် ပတ်သက်၍ "ပြီးခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ဒေါသနဲ့ အတ္တဆန်မှုတွေကြောင့် ဒီကမ္ဘာကြီးမှာ ဒုက္ခများစွာ တိုးလာတာကို မကြာခဏ သတိပြုမိတယ်” ဟု ဒလိုင်းလားမားက ဆိုသည်။

ဒလိုင်းလားမားသည် ပညာရေး၏ အရေးကြီးပုံကိုလည်း အလေးထားပြောကြားခဲ့ပြီး ပညာရေးသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကောင်းမွန်မှု၊ မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် အဆုံးစွန်ဆုံး ကမ္ဘာကြီးအတွင်း ငြိမ်းချမ်းသာယာရေးတို့တွင် ပါဝင်နေသောကြောင့် ပညာရေးတွင် စာနာတတ်မှုဆိုင်ရာ သင်ကြားပို့ချမှုများ ပါဝင်သင့်ကြောင်း ပြောသည်။

“လက်နက်တွေ၊ စစ်တပ်တွေနဲ့ ကာကွယ်ရေးအတွက် သုံးတဲ့ ငွေပမာဏကို စဉ်းစားလိုက်ရင်ဒါဟာ ခေတ်နောက်ကျပြီး အမှားတစ်ခုလို့ မြင်မိပါတယ်။ စစ်တပ်နဲ့စစ်ရေးလှုပ်ရှားမှုတွေ ကင်းစင်တဲ့ခေတ် ပိုမိုငြိမ်းချမ်းတဲ့ ရာစုနှစ် ဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဒလိုင်းလားမားက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required