ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တာလီဘန်တို့ကို အခိုင်အမာ ထောက်ခံအားပေးနေဟု အမျိုးသားလွှတ်တော်အမတ် စွပ်စွဲ

By The News
27 November 2021
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တာလီဘန်တို့ကို အခိုင်အမာ ထောက်ခံအားပေးနေဟု အမျိုးသားလွှတ်တော်အမတ် စွပ်စွဲ

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် ယခုအခါ တာလီဘန်တို့၏ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးကဲ့သို့ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပါကစ္စတန်အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် မိုဟ်ရှင်း ဒါဝါက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က ပြည်တွင်းရှိ ဟိုတယ်တစ်ခုတွင် ပြုလုပ်ခဲ့သည့် "အာဖဂန်နစ္စတန်ရှိ ပရမ်းပတာအခြေအနေများ" ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ဒါဝါက အထက်ပါအတိုင်း မှတ်ချက်စကား ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အာဖဂန်ဂျာနယ်လစ် လိုတူဖူလာ နာဂျ်ဖီဇာဒါက အာဖဂန်နစ္စတန်တွင် လုပ်နိုင်စွမ်းဆိုင်ရာ ကိစ္စရပ်တစ်ခု မရှိခဲ့ဘဲ ယင်းတွင် တာလီဘန်တို့ဘက်က ဖြေရှင်းရန်လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စတစ်ခု ရှိနေခဲ့ဟု ပြောခဲ့သည်။

ဒိုဟာ သဘောတူညီချက်က အာဖဂန်နစ္စတန်တွင် နိုင်ငံတော်စနစ် ပြိုလဲမှု၏ အခြေခံဖြစ်ခဲ့သည်ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အဖရာဆီရာ ခါတက်ခ်က ပြောသည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ဖြင့်မဟုတ်ဘဲ အုပ်ချုပ်နေခဲ့သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

အခြား ဆွေးနွေးပွဲ အစီအစဥ်တစ်ခုဖြစ်သည့် "အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် တာလီဘန်နိုက်ဇေးရှင်း၏ သက်ရောက်မှု" ဆိုသည့် အခမ်းအနားတစ်ခုတွင် ပါဝင်ဆွေးနွေးကြသူများက အာဖဂန်နစ္စတန်၌ အမျိုးသမီးများ၏ အခွင့်အရေးများ မူလအတိုင်း အမြန်ဆုံး ပြန်ရရှိစေရေးကို တောင်းဆိုခဲ့ကြသည်။

တာလီဘန်တို့အနေဖြင့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ဖွင့်လှစ်ပေးသင့်ကြောင်း ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် မီဟ်ဘိုဘာ ဆီရာဂျ်က ပြောကြားခဲ့ပြီး လက်ရှိအခိုက်အတန့်တွင် အမျိုးသမီးများကို ထောက်ပံ့ရန် မည်သည့် အင်စတီကျူးရှင်းမှ ရှိမနေဟု ၎င်းက ပြောသည်။

အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြန်လည်ထားရှိရန် လိုအပ်ကြောင်း သူမက တောင်းဆိုခဲ့သည်။ "မိမိအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတစ်ခု ရှိနေချိန်တွင် ပရော်ဖက်ရှင်နယ် တာဝန်ကို ထမ်းဆောင်ရန် ခက်ခဲသည်" ဟုလည်း ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဖာဇာနာ အလီက ပြောသည်။ တာလီဘန်တို့သည် အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို မကောင်းမှု အကျင့်ဆိုးများ တားဆီးရေးနှင့် ကောင်းမွန်သည့် အကျင့်ကောင်းများ တိုးပွားစေရေးဆိုင်ရာ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲထားခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ အမျိုးသမီးရေးရာ ဝန်ကြီးဟောင်း ဆီမာ ဆာမာက ပြောသည်။ "ဒါကတော့ သူတို့ အမျိုးသမီးအခွင့်အရေးတွေအပေါ် ဘယ်လိုဘယ်ပုံ တန်ဖိုးဖြတ်သလဲ ဆိုတာပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required