ပါကစ္စတန် ဘာလိုချီစတန်၌ အခြေခံအခွင့်အရေးများ ရရှိရေး ထောက်ခံဆန္ဒပြပွဲ ကလေးငယ်ရာချီ ပါဝင်

By Daily Hunt
27 November 2021
ပါကစ္စတန် ဘာလိုချီစတန်၌ အခြေခံအခွင့်အရေးများ ရရှိရေး ထောက်ခံဆန္ဒပြပွဲ ကလေးငယ်ရာချီ ပါဝင်

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ် ဂွာဒါခရိုင်တွင် စစ်ဆေးရေးဂိတ်နေရာများ မလိုအပ်ဘဲ ထားရှိမှု၊ ငါးဖမ်း ဆွဲပိုက်ချသင်္ဘောများ တရားမဝင် ငါးဖမ်းမှုတို့နှင့် ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြသည့် ဆန္ဒပြပွဲတစ်ခု နိုဝင်ဘာ ၂၁ ရက်က ပေါ်ပေါက်ခဲ့ရာတွင် ရာနှင့်ချီသော ကလေးငယ်များလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

"ဂွာဒါအတွက် အခွင့်အရေးတွေ ပေးပါ" ဆိုသည့် တောင်းဆိုချက်များ ရေးထားသည့် စာတန်းများ၊ လက်ကိုင်ပိုစတာများ ကိုင်ဆောင်ရင်း ကလေးများသည် ဂွာဒါမြို့၏ လမ်းများတွင် ချီတက်လမ်းလျှောက်ခဲ့ကြပြီး ယင်းနောက် အဓိကဆန္ဒပြရာနေရာတွင် ပူးပေါင်းခဲ့ကြသည်ဟု Dawn က ဖော်ပြသည်။

အဆိုပါ လူထုစည်းဝေးဆန္ဒပြပွဲတွင် ဦးဆောင်သူဖြစ်သည့် မော်လာနာ ဟီဒါယက် အူလာ ဘာလို့ချ်က ဆန္ဒပြပွဲတွင် ပြောကြားစဥ် ဂွာဒါနှင့် မာကရန် နယ်မြေတို့၏ ရွေးကောက်ခံ ကိုယ်စားလှယ်များကို ပြစ်တင်ဝေဖန်ခဲ့သည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ဒေသခံပြည်သူများကို ကိုယ်စားပြုရန် ရွေးကောက်ခံထားရသူများဖြစ်သည့်အတွက် ယခု ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ရန် သို့မဟုတ် လွှတ်တော်မှ နုတ်ထွက်ရန် ၎င်းက တောင်းဆိုခဲ့သည်ဟု ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

ထို့ပြင် ၎င်းတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များသို့ လာရောက်ခြင်း မရှိသည့် ကိုယ်စားလှယ်များအနေဖြင့် ပျောက်ဆုံးနေသူများ စာရင်းတစ်ခုတွင် ထည့်သွင်းခံရသင့်ကြောင်း ၎င်းက ပြောခဲ့သည်။

ဒေသတွင် လုံခြုံရေးအေဂျင်စီများ ဖြန့်ကျက်တာဝန်ချထားသော်ငြား တရားမဝင် ဆွဲပိုက်ချသင်္ဘော ရာနှင့်ချီတို့သည် ဘာလိုချီစတန်၏ ပင်လယ်ရေပြင်တွင် တရားမဝင် ငါးဖမ်းမှုများ၌ ပါဝင်ပတ်သက်နေခဲ့သည် ဖြစ်ရာ ယင်းသည် ဒေသခံ ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ပိတ်ပင်စေလျက် ရှိကြောင်း ၎င်းက ပြောခဲ့သည်။

ပြည်နယ်တွင်း၌ တရားမဝင် ငါးဖမ်းမှုများကို ချက်ချင်း ရပ်တန့်စေရေးနှင့် အရက်ရောင်းချသည့် ဆိုင်များအားလုံး ပိတ်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များဘက်က လုပ်ဆောင်ရန် ၎င်းက တောင်းဆိုခဲ့သည်။ "အဲဒီလိုမှ မဟုတ်ရင် လူတွေ ဖျက်ဆီးခံရပါလိမ့်မယ်" ဟု ၎င်းက ပြောခဲ့ကြောင်း Dawn က ကိုးကား ဖော်ပြသည်။

ထို့ပြင် ပျောက်ကွယ်နေသူအားလုံး ပြန်တွေ့နိုင်ရေးအတွက် မော်လာနာ ဘာလို့ချ်က တောင်းဆိုခဲ့သည်။ အကယ်၍ ၎င်းတို့အနေဖြင့် ပြစ်မှုတစ်ခုခုတွင် ပါဝင်ပတ်သက်ထားခဲ့သည်ဆိုပါက တရားရုံး၌ ဥပဒေအတိုင်းသာ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

"တကယ်လို့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးမှု မရှိဘူးဆိုရင် ကျွန်တော်တို့ဟာ ရက်ပေါင်း ၁၂၆ ရက်ကြာ ဆန္ဒပြခဲ့တဲ့ အီမရန် ခန်းရဲ့ မှတ်တမ်းကို ချိုးဖျက်ဖို့ ရက်ပေါင်း ၁၂၇ ရက်ကြာ ဆက်လက် ဆန္ဒထုတ်ဖော်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ဘာလိုချီစတန်သည် အရင်းအမြစ် ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခု ဖြစ်သော်လည်း ပါကစ္စတန်တွင် တိုးတက်မှု အနည်းဆုံး ပြည်နယ် ဖြစ်နေသည်။ ယင်းတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တချို့ကြာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ပေါ်ထားခဲ့သည်။ ဒေသသည် ၁၉၄၇ ခုနှစ်မတိုင်မီ လွတ်လပ်သော ဒေသတစ်ခုဖြစ်ခဲ့ပြီး ပါကစ္စတန်က အတင်းအကျပ် သိမ်းပိုက်ထားခဲ့သည်ဟု ဘာလို့ချ် အများအပြားက ယုံကြည်ကြသည်။

လူများကို အတင်းအကျပ် ဖျောက်ဖျက်မှုများကို ပြစ်မှုအဖြစ် ဥပဒေ ပြဋ္ဌာန်းသတ်မှတ်မည်ဟု အစိုးရအဆက်ဆက်က ကတိပြုခဲ့သော်လည်း မည်သူကမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ လုပ်ခဲ့ခြင်း မရှိသလို ယင်းအလေ့အထက ဒဏ်ခတ်ခံရခြင်းမရှိဘဲ ဆက်ရှိနေသည်။

မကြာသေးခင်က ဒေသတွင် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များနှင့် ဘာလို့ချ် သောင်းကျန်းသူများအကြား တိုက်ခိုက်မှုများ အရှိန်မြင့်နေခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လူ့အခွင့်အရေးဆိုင်ရာ ယင်း၏ ၂၀၂၀ အစီရင်ခံစာတစ်ရပ်တွင် ပါကစ္စတန်၌ အစိုးရဘက်က ဥပဒေနှင့် ဆန့်ကျင်နေသည့် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်ဆန်ဆန် သတ်ဖြတ်မှုများနှင့် ပက်ရှ်တွန်၊ ဆင်းန် နှင့် ဘာလို့ချ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အတင်းအကျပ် ဖျောက်ဖျက်မှုများ အပါအဝင် ယင်းနိုင်ငံ၏ သိသာထင်ရှားသော လူ့အခွင့်အရေးကိစ္စများကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly