တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်က တရုတ်အစိုးရကိုယ်စား ဝန်ကြီးများကို စည်းရုံးခဲ့ဟု စွပ်စွဲခံရ

တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်က တရုတ်အစိုးရကိုယ်စား ဝန်ကြီးများကို စည်းရုံးခဲ့ဟု စွပ်စွဲခံရ

အရေးပါသော သံတမန်ရေးရာရာထူးတွင် ယမန်နှစ်က ခန့်အပ်ခံခဲ့ရသော ဒိမ်းကာရိုလင်းဝီလ်ဆန်သည် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ လျှို့ဝှက်အစည်းအဝေးများသို့ တက်ရောက်နေသော ဝန်ကြီးများထံ စာများပေးပို့ခဲ့ကြောင်းနှင့် ထိုစာများသည် စင်စစ်အားဖြင့် တရုတ်အစိုးရက ကျေနပ်မှုရှိစေရေးအတွက် ထိထိမိမိတိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ လုပ်ရပ်ကြောင့် တရုတ်၏ ရန်အလိုဆုံး အစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးလစ်ထရပ်စ်နှင့် ဒိမ်းကာရိုလင်းတို့အကြား သဘောထားကွဲလွဲမှုဖြစ်စေခဲ့သည်။

နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီးအဖြစ် ထရပ်စ် တာဝန်ထမ်းဆောင်စဉ်က ဒိမ်း ကာရိုလင်းနှင့်ဆွေးနွေးပြောရာတွင် ဗြိတိန်သည် ပြင်သစ်ကိုပြူမူဆက်ဆံသကဲ့သို့ အဘယ်ကြောင့် တရုတ်အပေါ် ပိုမိုနူးညံ့သိမ်မွေ့သောချဉ်းကပ်မှုမျိုးကို မကျင့်သုံးသနည်းဟု ဒိမ်းကာရိုလင်းက မေးမြန်းခဲ့သည်။

ထရပ်စ်က ပြင်သစ်က လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့သောကြောင့် ဟု ဖြေခဲ့သည်။ တရုတ်သည် အတင်းအဓမ္မ သားကြောဖြတ်ခြင်းနှင့် လုပ်သားကျွန်ပြုမှုအပါအဝင် ဝီဂါကဲ့သို့သော လူနည်းစုများကို နှိပ်စက်ညှဉ်းပန်းခြင်းအတွက် နိုင်ငံတကာ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဒိမ်းကာရိုလင်း၏ မဟာမိတ်များက ဒိမ်းသည် နိုင်ငံတွင်း လွတ်လပ်စွာ သတင်းယူခွင့်ကို ထောက်ခံခြင်းဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ကြောင်း အလေးပေး ပြောကြားခဲ့ကြကာ သူမအား တရုတ်လိုလားသူ ကျေးကျွန်အဖြစ် ပုံဖော်ခြင်းအပေါ် အငြင်းပွားခဲ့ကြသည်။

ထရပ်စ်က ဗြိတိန်သည် တရုတ်နိုင်ငံအပေါ် ဗျူဟာမြောက်မှီခိုသူ သို့မဟုတ် ၎င်း၏ စီးပွားရေးအကျပ်ကိုင်မှုတွင် အညံ့ခံသူ မဖြစ်လာစေရဟု စောဒကတက်ခဲ့ပြီး တရုတ်ကို ထိန်းချုပ်ရေးအတွက်အင်ဒို-ပစိဖိတ်ဒေသတွင် မဟာမိတ်များ ထူထောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

NSC သည် နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေး၊ စွမ်းအင်နှင့်အရင်းအမြစ်လုံခြုံရေးတို့ကို ဆွေးနွေးရန်အဓိကဖိုရမ်အဖြစ် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်က ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly