ထန်တလန်မြို့ သို့ လှူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် ၈ ဦး၏ တံဆိပ်ခေါင်းများ လေလံတင်

ထန်တလန်မြို့ သို့ လှူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် ၈ ဦး၏ တံဆိပ်ခေါင်းများ လေလံတင်

နိုဝင်ဘာ ၂၇

ငြိမ်းချမ်းရေးနိုဘယ်ဆု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှစ်ဦး၏ တံဆိပ်ခေါင်းများကို ထန်တလန်မြို့နယ် ရံပုံငွေရရှိရေး လေလံတင် ရောင်းချသွားမည်ဟု CRPH Support Group, Norway က ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ တံဆိပ်ခေါင်း စီးရီးများကို နော်ဝေနိုင်ငံတွင် ၂၀၀၁ ခုနှစ်က ရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်နှင့်သာ ရှိတော့သည်ဟု ဆိုသည်။

တံဆိပ်ခေါင်းများ လေလံတင် သတ်မှတ်ကာလကို ယနေ့၊ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက် နော်ဝေ စံတော်ချိန် ည ၁၂ နာရီအထိ နောက်ဆုံးထား သတ်မှတ်ထားသည်။

တံဆိပ်ခေါင်းများကို ကြမ်းခင်းဈေး ၁၅ ဒေါ်လာမှစပြီး လေလံတင်မည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် တံဆိပ်ခေါင်းကိုမှု ဒေါ်လာ ၂၀ ဖြင့် စတင် သတ်မှတ်ထားသည်ဟု ဆိုထားသည်။

အဆိုပါ တံဆိပ်ခေါင်းများကို နော်ဝေးနိုင်ငံမှ နာမည်ကြီး တံဆိပ်ခေါင်း ထုတ်လုပ်သူပညာရှင် Sverre Morken နှင့် ဒီဇိုင်းဆွဲသူ Enzo Finger တို့က အထင်ကရ နိုဘယ်ဆုရှင် ရှစ်ဦးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

အဆိုပါ တံဆိပ်ခေါင်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တံဆိပ်ခေါင်းသည် အလှဆုံးဟု သုံးသပ်နေကြသည်ဟုလည်း CRPH Support Group (Norway) က ရေးသားထားသည်။

နှစ်တစ်ရာပြည့် နိုဘယ်ဆုရှင် တံဆိပ်ခေါင်းထဲမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များမှာ Henry Dunant (1901)၊ Fridtjof Nansen (1922) ၊ Martin Luther King (1964) ၊ Mikhail Sergeyevish Gorbachev (1990) ၊ Aung San Suu Kyi (1991)၊ Rigoberta Menchu (1992) နှင့် Nelson Mandela (1993) တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required