လန်ဒန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် ဂျီဟတ်ဇနီးမောင်နှံ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

လန်ဒန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် ဂျီဟတ်ဇနီးမောင်နှံ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

လန်ဒန်၊ ဒီဇင်ဘာ - ၃၁ ။          ။ ၂၀၀၅ ခုနှစ် လန်ဒန်အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့တွင် ကုန်တိုက်တစ်ခု (သို့မဟုတ်) မြေအောက် ရထားတစ်စင်းပေါ်တွင် ဗုံးခွဲရန်ကြံစည်မှုဖြင့် ပြစ်မှု ထင်ရှားသောကြောင့် ဇနီးမောင်နှံနှစ်ဦးကို ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

မိုဟမ္မတ် ရာမန်း (၂၅နှစ်)နှင့် ၎င်း၏ဇနီးဖြစ်သူ ဆာနာ အာမတ် ခန်း (၂၄နှစ်)တို့နှစ်ဦးကို ဒီဇင်ဘာ ၂၉ရက်နေ့တွင် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ရက်နေ့တွင် ထောင်တစ်သက် ပြစ်ဒဏ် များ အသီးသီးချမှတ်ခဲ့သည်။ ရာမန်းအနေဖြင့် ထောင်သက် ၂၅နှစ်နောက်ပိုင်းတွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရမည်ဖြစ်ပြီး၊ ခန်းမှာလည်း ၂၅နှစ်နောက်ပိုင်းတွင် အလားတူ ခံဝန်ဖြင့် လွတ်လပ်ခွင့် ရမည်ဖြစ် သည်။ ခန်းမှာ ဗြိတိန်သမိုင်းတွင် အရှည်ကြာဆုံး ထောင်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးသော အမျိုးသမီးအကြမ်းဖက်သမားပင် ဖြစ်သည်။

ရာမန်းနှင့် ခန်းတို့ ဇနီးမောင်နှံမှာ ၂၀၀၅ခုနှစ်၊ ဇူလိုင်၇ရက် လန်ဒန်ဗုံးခွဲမှုများ၏ ၁၀နှစ်မြောက်အထိမ်းအမှတ်အဖြစ် အရပ်သားများကို တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု အစိုးရရှေ့နေများက ပြောကြား ခဲ့သည်။

ရာမန်းကို ကြီးမားသော ဗုံးတစ်လုံးကို ဖောက်ခွဲလုနီးနီးအချိန်တွင် ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရာမန်းတစ်ယောက် အိမ်နောက်ဖေးတွင် ကိရိယာငယ်တစ်ခုကို ဖောက်ခွဲနေပုံ ဗွီဒီယိုကို ရဲက တွေ့ရှိခဲ့သည်။

ရာမန်းနှင့်ခန်း ဇနီးမောင်နှံက အသံတိတ်ဗုံးခွဲသမားဟူသော နာမည်ဝှက်ဖြင့် ပစ်မှတ်ကို ကူညီရွေးချယ်ပေးကြရန်ပင် တွစ်တာအသုံးပြုသူများထံမှ အကြံပြုချက်များ တောင်းခံခဲ့သေးသည်ဟု ဆိုသည်။

၂၀၀၅ခုနှစ် တိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသမားများက မြေအောက်ရထားများနှင့် ဘတ်စ်ကားတစ်စင်းပေါ်တွင် လူပေါင်း ၅၂ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ရုံးတော်သို့ တင်သွင်းသည့် သက်သေခံချက်များအရ မေလက ၎င်းကို ဖမ်းဆီးစဉ် ရာမန်းက သူ့မှာ မူးယစ်ဆေးစွဲနေသောကြောင့် ဆေးဖြတ်ရန် ထောင်ထဲတွင် နေလိုသောကြောင့် ဖမ်းဆီးမှုကို ကြိုဆိုကြောင်း ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။

သူ့ကို ထောင်ကျစေမည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်လိုနေသော်လည်း အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသောဆန္ဒ မရှိကြောင်း ရာမန်းက ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။ ၎င်းမှာ ဆေးခြာက်နှင့် ကိုကိန်းကို အလွန်အကျွံသုံးစွဲသူတစ်ယောက် ဖြစ်ကြောင်းလည်း ရာမန်းက ရဲကို ပြောကြားခဲ့သည်။

 ‘ကျနော် ပုံမှန်ဘဝကို ရချင်တယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးနွံထဲက ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်။ ရုန်းထွက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ထောင်ကျသွားတာပါပဲ။ ကျနော်ဟာ ဆေးသမား ဆိုပေမယ့်လည်း ဆေးစွဲနေတဲ့ဘဝကို မကြိုက်ဘူး။ မုန်းတယ်’ဟု ရာမန်းက ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆက်လက်ပြီးရာမန်းက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အထင်ကြီးမိပြီး၊ YouTubeမှ အုပ်စု၏ ဗွီဒီယိုများကို ကြည့်လေ့ရှိသော်လည်း အုပ်စုက လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကိုမူ သဘောမတူကြောင်း၊ ပေါက်ကွဲပစ္စည်းများ စိတ်ဝင်စားသော်လည်း ကိရိယာများကို တီထွင်ပြီး အပျော်ဖောက်ခွဲကြည့်ရုံသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly