ရမည်းသင်းမြို့ မြန်မာရှေ့ဆောင်ဘဏ် ဓားပြတိုက်ခံရ

ရမည်းသင်းမြို့ မြန်မာရှေ့ဆောင်ဘဏ် ဓားပြတိုက်ခံရ

နိုဝင်ဘာ ၂၆

ရမည်းသင်းမြို့ရှိ မြန်မာရှေ့ဆောင်ဘဏ်သည် ယနေ့ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဓားပြ တိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

“ကျွန်တော်လည်း မြို့ထဲဘက်ရောက်နေတော့ ဓားပြ တိုက်ခံရတယ် ဆိုတဲ့ သတင်းကြားလို့ အဲဒီဘဏ်နဲ့ နီးနေလို့ လှမ်းကြည့်တာ။ စစ်သားနဲ့ ရဲတွေ ရောက်နေပြီ။ အချို့ စစ်သားနဲ့ ရဲတွေလည်း မြို့ထဲကို လူဖြန့်ပြီး ထွက်သွားတာကို တွေ့လိုက်တယ်။ အထက (၁) ကျောင်းဘက်မှာလည်း သေနတ် ဖောက်သံတွေကြားရတယ် ” ဟု ရမည်းသင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် အမည်မသိ သေနတ်သမား နှစ်ဦးက ဓားပြ တိုက်သွားခြင်းကြောင့် ငွေကျပ် သိန်း ၁,၂၀၀ ဝန်းကျင် ပါသွားသည်ဟုလည်း အဆိုပါ ဘဏ်ဝန်ထမ်းက RFA သတင်း ဌာနကို ဖြေကြားထားသည်။

“အခြားသူတွေတော့ သိန်းတစ်ထောင်ကျော် ပါသွားတယ် ပြောတယ်။ ဆိုင်ကယ်နဲ့ လူနှစ်ယောက်လာတာလို့ ပြောတယ်ဗျ။ သေနတ်ပါလား၊ မပါလားတော့ မသိရဘူး။ သူများတွေကတော့ သေနတ်ပါတယ် ပြောနေကြတယ် ” ဟု ရမည်းသင်းမြို့ရှိ ဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရမည်းသင်းမြို့ မြန်မာရှေ့ဆောင်ဘဏ်သည် ရန်ကုန်-မန္တလေး လမ်းမဘေး ရမည်းသင်းမြို့လယ် နာရီစင် အနောက်ဘက်တွင် တည်ရှိပြီး အနီးရှိ မြန်မာ့စီးပွားရေးဘဏ်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

ဘဏ်ဓားပြ တိုက်ခံရအပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဘဏ် အနီးတစ်ဝိုက် နှင့် မြို့အတွင်းတွင် ဆိုင်ကယ်၊ ကားများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကာ မြို့အဝင် မြို့အထွက်များတွင်လည်း ဖုန်းများကို စစ်ဆေးနေသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly