အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့၌ ဥရောပနဲ့ လက်တင်အမေရိကမှာ ဆန္ဒပြမှုတွေ ဖြစ်ပွား 

အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့၌ ဥရောပနဲ့ လက်တင်အမေရိကမှာ ဆန္ဒပြမှုတွေ ဖြစ်ပွား 

နိုဝင်ဘာ ၂၆

ဥရောပနဲ့ လက်တင်အမေရိကမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုရင်း ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ကြာသပတေးနေ့က လမ်းတွေပေါ်ထွက် ဆန္ဒပြကြပါတယ်။ တူရကီမှာဆိုရင် ဆန္ဒပြလူအုပ်ကို ရဲက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်လူစုခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အနေနဲ့ ခုလို စုရုံးဆန္ဒပြပွဲတွေ ကျင်းပတာ ဖြစ်ပါတယ်။ မက္ကဆီကိုစီးတီး၊ မက်ဒရစ်နဲ့ ဘာစီလိုနာမြို့တွေမှာ ချီတက်ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာ ရှိသလို ပါရီနဲ့ လန်ဒန်မှာလည်း စုရုံးဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ 

ချီလီ၊ ဗင်နီဇွဲလား၊ ဘိုလစ်ဗီးယား၊ ဥရုဂွေးနဲ့ ဂွာတီမာလာတို့အပါအဝင် နိုင်ငံတွေမှာလည်း စုရုံးဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

“သူတို့တွေ မသေဘူး၊ သူတို့က လူသတ်သမားတွေ”ဆိုပြီး နေ့စဉ် အမျိုးသမီး ၁၀ ဦးဝန်းကျင် သတ်ဖြတ်ခြင်း ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုက ချီတက်ဆန္ဒပြပွဲမှာ ရေးသားကိုင်စွဲထားတဲ့ စာတမ်းကို တွေ့မြင်ရပါတယ်။ 

လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသတစ်ဝန်းမှာ အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုဟာ ၂၀၂၀ မှာ ၄၀၉၁ ဦးအထိ ရှိကြောင်း ကုလသမဂ္ဂရဲ့ စာရင်းတစ်ရပ်အရ သိရပါတယ်။ 

မက္ကဆီကိုမြို့တော်မှာတော့ တူတွေ ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြ အုပ်စုငယ်တစ်စုက ရဲတာဝန်ရှိသူတွေရဲ့ ဒိုင်းတွေ လုယူဖို့ ကြိုးစားရာမှာ ရဲတွေက မီးခိုးဗုံးတွေနဲ့ ပြန်လည်ပစ်ခတ်ရာက တင်းမာမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

အစ္စတန်ဘူလ်မှာလည်း အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ နိုင်ငံတကာ သဘောတူညီချက်တစ်ရပ်မှာ ပြန်လည်ပါဝင်ဖို့ အစိုးရကို တောင်းဆိုကြတဲ့ ဆန္ဒပြသူထောင်ပေါင်းများစွာကို အဓိကရုဏ်းနှိမ်နင်းရေးရဲက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တာကြောင့် ဆန္ဒဖော်ထုတ်မှုဟာ အကျည်းတန်ခဲ့ရပါတယ်။ 

အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးကို နိုင်ငံတော် ဦးစားပေးအဖြစ် ချမှတ်ဆောင်ရွက်နေတဲ့ စပိန်နိုင်ငံက မက်ဒရစ်နဲ့ ဘာစီလိုနာမြို့တွေမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရှိပြီး ခရမ်းရောင် အလံပင်လယ်ကြီး ဖြစ်သွားခဲ့ပါတယ်။ 

ကမ္ဘာတစ်လွှားမှာ အမျိုးသမီး သုံးဦးလျှင် တစ်ဦးနှုန်းက ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှု ဒါမှမဟတု် လိင်အကြမ်းဖက်မှုတွေ ခံစားကြုံတွေ့ရပြီး အများစု ကျူးလွန်သူတွေက သိကျွမ်းတဲ့ သူတွေပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့အရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly