မတူပီမြို့ ခရိုင်ထွေအုပ်ရုံးရှိ အစောင့်စစ်သားများကို CDF မတူပီ ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

မတူပီမြို့ ခရိုင်ထွေအုပ်ရုံးရှိ အစောင့်စစ်သားများကို CDF မတူပီ ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

နိုဝင်ဘာ ၂၆

ချင်းပြည်နယ်၊ မတူပီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း အင်အား ၂၀ ကျော်ခန့်ရှိသော စစ်ကောင်စီ အစောင့်တပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF မတူပီ) က ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၆ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း CDF မတူပီ၏ တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောသည်။

ထိုတိုက်ပွဲတွင် CDF မတူပီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ ရရှိခဲ့သော်လည်း မစိုးရကြောင်း ၎င်းက ပြောသည်။

“ အဲဒီခရိုင်ရုံးမှာ စစ်တပ်က အခြေချထားတာ။ ရှေ့တန်း သဘောမျိုးပေါ့ဗျာ။ စစ်သားတွေ အဲဒီမှာ ရှိတယ်။ လက်နက်ကြီးတွေလည်း သူတို့မှာရှိတယ်။ အဲဒီခရိုင်ရုံးကို ကျွန်တော်တို့က သွားတိုက်တယ်။ သူတို့ဘက်က နှစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်ကတော့ ကျဆုံးတာမရှိဘူး။ တစ်ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာကလည်း ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး” ဟု CDF မတူပီ၏ တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ CDF မတူပီဘက်ကလည်း လက်နက်ကြီး သုံးချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

CDF မတူပီတပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး( CNF ) ဘက်က စစ်ကူပစ်ခတ်မှုများပြုလုပ်ပေးခဲ့သည်ဟု ၎င်းကပြောသည်။

ထိုထွေအုပ်ရုံးသည် မတူပီ- ဟားခါးကားလမ်းမပေါ်ရှိ ဖနိုင်နှင့် ခလိုင်ကျေးရွာကြားတွင် တည်ရှိပြီး ထိုခရိုင်ရုံးသို့ မရောက်မီ လမ်းခုလတ်တွင် မတူပီ အမှတ် (၁၄၀ ) စစ်ကောင်စီအထိုင် တပ်ရင်းတစ်ခု တည်ရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့ရာ ခရိုင်ထွေအုပ်ရုံးနှင့် မတူပီ အမှတ် (၁၄၀ ) စစ်ကောင်စီအထိုင် တပ်ရင်းသည် သုံးမိုင်ဝန်းကျင်ဝေးကွာကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအပြီးတွင် မတူပီ အမှတ် (၁၄၀) အထိုင်တပ်ရင်းက စစ်ကူ စစ်သား အယောက် ၄၀ ခန့် ထွေအုပ်ရုံးအတွင်း အင်အားဖြည့်ရန် ထပ်မံရောက်ရှိလာခဲ့သည်ဟု အနီးအနားရှိ ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

ယင်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မတူပီ - ပလက်ဝ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် ခလရ (၃၀၄) တပ်ရင်း စခန်းတစ်ခုကို CDF မတူပီနှင့် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CDF က သတင်းထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစု လူငယ်များအနေဖြင့် သွေးမအေးဘဲ အဆုံးထိ တိုက်ထုတ်ကြရန် CDF မတူပီ၏ တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required