ပါကစ္စတန်၌ ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်း

ပါကစ္စတန်၌ ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်း

ပါကစ္စတန်နိုင်ငံ၌ ယခုလက်ရှိဘဏ္ဍာနှစ်၏ ပထမလေးလတာအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း FDI ဝင်ရောက်မှုသည် ကန်ဒေါ်လာ ၆၆၂ သန်းတွင် ရပ်တည်နေရာ ယင်းသည် အစောပိုင်းတစ်နှစ် အလားတူကာလက ကန်ဒေါ်လာ ၇၅၀ ဒသမ ၆ သန်းနှင့် နှိုင်းယှဥ်နိုင်‌ကြောင်း ပါကစ္စတန်ဗဟိုဘဏ်က နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်သည့် ဒေတာအချက်အလက်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

အောက်တိုဘာလတွင် FDI စီးဝင်မှုက ၂၀၂၀ အလားတူလက ကန်ဒေါ်လာ ၂၉၃ သန်းနှင့် ယှဥ်ပါက ၂၄ ရာခိုင်နှုန်း ထိုးကျပြီး ကန်ဒေါ်လာ ၂၂၃ သန်းတွင် ရှိနေခဲ့သည်။

ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုကို အသည်းအသန် လိုအပ်နေပြီး ချေးငွေများ ပြန်စရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်နေချိန် ယခု FDI ဝင်ရောက်မှုပိုင်း ကျဆင်းမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

တချိန်တည်းမှာပင် ပါကစ္စတန်၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သည့် တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ၂၀၂၀ ဇူလိုင်-အောက်တိုဘာလတွင် ဒေါ်လာ ၃၉၉ ဒသမ ၅ သန်းကနေ ယခုနှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၁၁၆ ဒသမ ၅ သန်းကို သိသိသာသာ ကျဆင်းထားခဲ့သည်။

ထို့ပြင် ပါကစ္စတန် ရူပီးငွေတန်ဖိုးသည် လများနှင့်ကြာ ဘဏ်များအချင်းချင်း ငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာနှင့် ယှဥ်ပါက ကျဆင်းထားသလို ယင်းက အီမရန်း ခန်းအစိုးရအတွက်လည်း စိုးရိမ်ပူပန်မှုများ တိုးလာစေလျက် ရှိကာ လက်ရှိတွင် နိုင်ငံသည် နက်ရှိုင်းသော စီးပွားရေးပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်ကို ပြသနေကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ပါကစ္စတန် ရူပီးသည် ကန်ဒေါ်လာတစ်ဒေါ်လာလျင် ရူပီး ၁၇၅ ဒသမ ၇၃ ကို စံချိန်တင် ကျဆင်းမှုဖြစ်ပေါ်ထားခဲ့သည်။ ရူပီးတန်ဖိုးသည် မေလ ၁၄ ရက်နှင့် ဇူလိုင် ၁ ရက်နောက်ပိုင်း ၁၃ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၃၅ ရာခိုင်နှုန်းစီဖြင့် အသီးသီး တန်ဖိုးဆုံးရှုံးထားခဲ့သည်။

ဈေးကွက်ထဲမှ ကန်ဒေါ်လာ ဝယ်ယူမှုနှင့် တင်သွင်းမှုများအပေါ် ပါကစ္စတန် ဗဟိုဘဏ်က ထိန်းချုပ်ကန့်သတ်နေခဲ့သော်ငြား ရူပီးတန်ဖိုးသည် ဒေါ်လာနှင့် ယှဥ်ပါက ကျဆင်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required