ပါကစ္စတန်၏ ဘာလိုချီစတန်ပြည်နယ်၌ ကျောက်မီးသွေး မိုင်းလုပ်သား ၃ ဦး ပစ်သတ်ခံရ

ပါကစ္စတန်၏ ဘာလိုချီစတန်ပြည်နယ်၌ ကျောက်မီးသွေး မိုင်းလုပ်သား ၃ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မည်သူမည်ဝါ မသိရသည့် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျောက်မီးသွေး မိုင်းတွင်းလုပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက နိုဝင်ဘာ ၂၁ ရက်က ဖော်ပြသည်။

ထိုဖြစ်စဥ်သည် ဟာနိုင်း ခရိုင်၏ ဇယ်လာဝန် ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ ရန်ပြုတိုက်ခိုက်သူများသည် ယင်းနေ့က ကျောက်မီးသွေးမိုင်းတွင်းသို့ ရောက်ရှိလာခဲ့ပြီး မိုင်းတူးလုပ်သားများကို ပစ်ခတ်ခဲ့ရာတွင် သုံးဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း လက်နက်ကိုင် အမျိုးသားများသည် ကွက်တာမြို့မှ ကီလိုမီတာ ၇၀ အကွာခန့် ရှိ ကျောက်မီးသွေးမြေတစ်ခု၌ မိုင်းလုပ်သားသုံးဦးကို ပစ်ခတ်ခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ထားခဲ့သည်။ ပါကစ္စတန်တွင် ယခုနှစ်အတွင်း ကျောက်မီးသွေးမိုင်းတွင်းလုပ်သား ၁၀၀ ကျော် သေဆုံးထားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဘာလိုချီစတန်ပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းများ၏ မနှစ်မြို့ဖွယ် အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) က ပြီးခဲ့သည့်အပတ်က ထုတ်ဖော်ထားသည်။

ယခုနှစ်အတွင်း ပါကစ္စတန်တွင် မိုင်းတွင်း မတော်တဆမှုများကြောင့် မိုင်းလုပ်သား ၁၇၆ ဦးထက်မနည်း သေဆုံးပြီး ၁၈၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန် မိုင်းတွင်းအလုပ်သမား ဗဟိုအဖွဲ့ချုပ်၏ ဒေတာအချက်အလက်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။ ဘာလိုချီစတန်ရှိ မိုင်းလုပ်သားများသည် နိုင်ငံမဟုတ်သည့်သူများ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း HRCP က ဖော်ပြသည်။

ကျောက်မီးသွေး မိုင်းတွင်းလုပ်ငန်းသည် အန္တရာယ်များသည့် အလုပ်အကိုင်တစ်ခုအဖြစ် နိုင်ငံတကာက သတ်မှတ်ထားသည်ဖြစ်ရာ မိုင်းတွင်း ပိုင်ရှင်များနှင့် ကန်ထရိုက်တာများအနေဖြင့် မိုင်းတွင်းနေရာတိုင်း၌ လက်တွေ့အသုံးဝင်သည့် လူနာတင်ယာဥ် ဝန်ဆောင်မှုတစ်ခုနှင့် မိုင်းတွင်း၌ အရေးပေါ် ကျန်းမာရေးအမှုထမ်း ရှိနေစေရေးကို သေချာရန် လုပ်ဆောင်ရမည် ဖြစ်သလို လုပ်ငန်းတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ စစ်ဆေးကြပ်မတ်မှုကို ပုံမှန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့၏ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟူစိန် နာခီက ကွက်တာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ကျောက်မီးသွေး မိုင်းတွင်းများ လည်ပတ်လုပ်ကိုင်မှုဆိုင်ရာ ကန်ထရိုက်တာ စနစ်နှင့်ပတ်သက်ပြီး အင်မတန် စိတ်မချမ်းမြေ့ဖြစ်နေရသည်ဟု အလုပ်သမား သမဂ္ဂအဖွဲ့အစည်း အများအပြားက ပြောထားကြောင်း၊ အကြောင်းမှာ ကန်ထရိုက်တာများသည် ၎င်းတို့၏ အလုပ်သမားများ၏ ဘေးကင်းလုံခြုံပိုင်းကို စိတ်ချရစေရေး လုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံမှုူ အနည်းငယ်သာ လုပ်ဆောင်ထားသလို ကုန်ကျစရိတ် လျှော့ချဖြတ်တောက်သည့် လုပ်ဆောင်ချက်များကို ကျင့်သုံးနေခြင်းကြောင့် ဖြစ်ကြောင်း HRCP က ဖော်ပြသည်။

နောက်ထပ် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုအဖြစ် ဖြစ်စဥ်အများအပြားတွင် ကန်ထရိုက်တာများ ကိုယ်တိုင်က အလုပ်သမား သမဂ္ဂများ၏ အကြီးအကဲများအဖြစ် ဆောင်ရွက်နေကြသည် ဖြစ်သည့်အတွက် ယင်းက အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ခြေ ရှိနေသည်။ ထို့ပြင် ဘာလိုချီစတန်တွင် သေဆုံး သို့မဟုတ် ဒဏ်ရာရမှုအတွက် နစ်နာကြေးပေးမှုသည် (ပါကစ္စတန် ရူပီး ၃၀၀,၀၀၀) ခန့် သာ ရှိပြီး ယင်းက အခြားပြည်နယ်များ (ရူပီး ၅၀၀,၀၀၀ ခန့်) နှင့် ယှဥ်ပါက နည်းပါးနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly