အိန္ဒိယ-မြန်မာ နယ်စပ်၌ အားပြင်း ငလျင်လှုပ်

အိန္ဒိယ-မြန်မာ နယ်စပ်၌ အားပြင်း ငလျင်လှုပ်

နိုဝင်ဘာ ၂၆

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတွင် နိုဝင်ဘာ ၂၆ ရက် အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ အနက်တိမ် အားပြင်းငလျင်တခု လှုပ်ခဲ့သည်ဟု သိရသည်။ လက်တလောတွင် ထို ငလျင်လှုပ်မှုကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ မသိရသေးပေ။

အိန္ဒိယ၏ မြေငလျင်ပညာဆိုင်ရာ အမျိုးသားစင်တာ၏ ထုတ်ပြန်ချက်အရ ငလျင်သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အိုက်ဇောမြို့မှ ကီလိုမီတာ ၁၄၀ ခန့် အကွာ အနက် ၁၂ ကီလိုမီတာ၌ ဗဟိုပြု လှုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်း ငလျင်လှုပ်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အပြင် အိုက်ဇောမြို့မှ မိုင် ၂၈၀ (၄၅၀ ဒသမ ၆၂ ကီလိုမီတာ) ခန့်အကွာရှိ အိန္ဒိယအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့တို့ကနေပင် ခံစားသိရှိခဲ့သည်ဟု ဥရောပ-မြေထဲပင်လယ်ဒေသ မြေငလျင် စင်တာ (EMSC) ဝက်ဘ်ဆိုဒ်တွင် ကိုယ်တွေ့ကြုံတွေ့သူများ တင်ထားမှုများနှင့် တွစ်တာသုံးသူများ၏ ပြောဆိုချက်များအရ သိရသည်။

ငလျင် ဗဟိုချက်၏ အနောက်ဘက် ၁၈၄ ကီလိုမီတာ (၁၁၅ မိုင်) ခန့်တွင် ရှိသည့် စစ်တကောင်းမှ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ယင်းငလျင်သည် "အင်မတန် အားပြင်းလှသည်" ဟု (EMSC) ဝက်ဘ်ဆိုဒ်တွင် တင်ထားခဲ့သည်။

ငလျင် တုန်လှုပ်မှုများကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အဓိကမြို့ကြီးများတွင် ခံစားသိရှိခဲ့ရသည်ဟု EMSC နှင့် အိန္ဒိယ ငလျင် စောင့်ကြည့်ရေး အေဂျင်စီတို့ထံမှ သိရသည်။

EMSC က ငလျင်၏ ပြင်းအားကို အစောပိုင်းက ၆ ဒသမ ၀ အဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနောက် ၅ ဒသမ ၈ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly