ဂျပန်ရေပိုင်နက်တွင် ၄ နှစ်အတွင်း တရုတ်ရေတပ်သင်္ဘော ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြောင်း ဂျပန် အတည်ပြု

ဂျပန်ရေပိုင်နက်တွင် ၄ နှစ်အတွင်း တရုတ်ရေတပ်သင်္ဘော ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြောင်း ဂျပန် အတည်ပြု

ဂျပန်နှင့်တရုတ် နှစ်နိုင်ငံကြား လုံခြုံရေးတင်းမာမှုများ ပြေလျော့သွားမည့် အရိပ်အယောင်များ မရှိသည့်အချိန်တွင် တရုတ်ရေတပ်သင်္ဘောတစ်စီးသည် ဂျပန်အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု ကမ်းလွန်ရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ သီတင်းပတ်အစောပိုင်းက ဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်ရေတပ်သင်္ဘောတစ်စီး ကျူးကျော် ဝင်ရောက်လာမှုကို အတည်ပြု ထုတ်ဖော်ပြောကြားခြင်းသည် ၂၀၁၇ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုကဲ့သို့ ကျုးကျော်မှုသည် ၄ ကြိမ်မြောက်ဖြစ်သည်။

သို့သော် ပင်လယ်ပြင်တွင် ကာကွယ်ရေးလက်နက်များ အသုံးပြုခွင့်ပေးသော ကိုယ်ပိုင်ကာကွယ်ရေး ဥပဒေအပေါ်အခြေခံသည့် အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က အနောက်တောင်ပိုင်းစီရင်စု၏ ကမ်းလွန်၌လည်းကောင်း နိုဝင်ဘာ ၁၈ ရက်က ဂျပန့်ရေပိုင်နက်အပြင်ဘက် ဆက်စပ်ဇုန်၌လည်းကောင်း တရုတ်စစ်ဆေးရေးသင်္ဘော ခုတ်မောင်း နေသည်ကို တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယာကူရှီးမားကျွန်းတောင်ဘက် ဆက်စပ်ဇုန်မှ ဂျပန်ရေပိုင်နက်ဆီသို့ ဦးတည်လာသော သင်္ဘောအား ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ကင်းလှည့်လေယာဉ်က နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထို့နောက် သင်္ဘောသည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် အနောက်ဘက်ဇုန်ရှိ ကူချီနိုဝဲရာဘူကျွန်းအနောက်ပိုင်း၌ ရောက်ရှိနေခဲ့သည်။

တရုတ်နိုင်ငံ၏ ရေကြောင်းသွားလာရေး တိုးမြှင့်လုပ်ဆောင်လာမှုသည် ဂျပန်နှင့် ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် အဓိကကျသော လုံခြုံရေးစိုးရိမ်စရာ ဖြစ်လာခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်ကလည်း တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘော ၄ စီးသည် ဆန်ကာကူးကျွန်းအနီးတစ်ဝိုက် ဂျပန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နောက်ပိုင်း ပထမဆုံး ကျူးကျော် ဝင်ရောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဂျပန့်ထိပ်တန်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇုမာဆုနိုက ယခုကဲ့သို့လုပ်ဆောင်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်းနှင့် ဝမ်းနည်းစရာကောင်းပြီး လက်မခံနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်းလာသော တရုတ်နှင့် ရုရှားဗုံးကြဲလေယာဉ် ၂ စင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်တိုက်လေယာဉ်များသည် နိုဝင်ဘာ ၁၉ ရက်က အရေးပေါ် ပျံတက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်နှင့် ရုရှားရေတပ်သင်္ဘော စုစုပေါင်း ၃ စီးသည် ဂျပန်အနောက်တောင်ပိုင်းရှိ ဆုရှီးမား ရေလက်ကြားကိုဖြတ်၍ အရှေ့တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဂျပန်က မကြာသေးမီက အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly