ယူအေအီးရှိ တရုတ်၏ လျှိူ့ဝှက် ဆိပ်ကမ်း ဆောက်လုပ်ရေးစီမံကိန်းကို အမေရိကန် ရပ်ဆိုင်းနိုင်ခဲ့

By Zee5
26 November 2021
ယူအေအီးရှိ တရုတ်၏ လျှိူ့ဝှက် ဆိပ်ကမ်း ဆောက်လုပ်ရေးစီမံကိန်းကို အမေရိကန် ရပ်ဆိုင်းနိုင်ခဲ့

သမ္မဘိုင်ဒင်အစိုးရသည် ၎င်းနိုင်ငံ၏ ဖိအားပေးမှုများ ခံရပြီးနောက် အမေရိကန်၏ အနီးစပ်ဆုံး အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံတစ်ခုဖြစ်သည့် အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ရှိ တရုတ်သင်္ဘောဆိပ်ကမ်းအတွင်း လျှို့ဝှက်အဆောက်အအုံတစ်ခု တည်ဆောက်နေမှုကို ရပ်တန့်နိုင်ခဲ့သည်။

အမေရိကန်အရာရှိများ အကြိမ်ကြိမ် တွေ့ဆုံကာ လာရောက်ကြည့်ရှုပြီးနောက် အဘူဒါဘီမြို့အနီးရှိ ယင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အဆိုပါကိစ္စကို သိရှိသူများအား ကိုးကား၍ Wall Street Journal (WSJ) က ဖော်ပြသည်။

တရုတ်သည် ဆိပ်ကမ်းတစ်ခု၌ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုဟု သံသယရှိသော အဆောက်အအုံကို လျှို့ဝှက်တည်ဆောက်နေကြောင်း ဝါရှင်တန်ရှိ ထောက်လှမ်းရေးအေဂျင်စီများက သိရှိပြီးနောက် ဘိုင်ဒင်အစိုးရက ယူအေအီး နိုင်ငံအတွင်း တရုတ်စစ်တပ်တည်ရှိမှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးခဲ့သည်။

"ကျွန်တော်တို့ နောက်ဆုံးစစ်ဆေးကြည့်လိုက်တော့ ဒီစီမံကိန်းကို ပိတ်ပစ်ဖို့ ယူအေအီးအစိုးရကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပြဿနာက မငြိမ်သေးပါဘူး” ထောက်လှမ်းရေးနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်ကို CNN က ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းကို စီးပွားရေးသက်သက်အဖြစ် သရုပ်ဖော်ထားသော်လည်း ကူးသန်းရောင်းဝယ်ရေး သင်္ဘောများအဖြစ် အသွင်ယူထားသော သင်္ဘောများကို အမေရိကန်ထောက်လှမ်းရေးက တွေ့ရှိခဲ့ကာ အချက်ပြထောက်လှမ်းရေးအချက်အလက်အတွက် တရုတ်စစ်တပ်က အသုံးပြုလေ့ရှိသည့် အမျိုးအစားတစ်ခု ဆိပ်ကမ်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တာဝန်ရှိသူများက သတိထားမိကြောင်း သတင်း၌ဖော်ပြထားသည်။

ဝါရှင်တန်ရှိ ယူအေအီးသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်၌ ယူအေအီးသည် တရုတ်စစ်တပ်အခြေစိုက်စခန်း သို့မဟုတ် မည်သည့်ကင်းစခန်းများကိုမှ လက်ခံရန် သဘောတူညီချက်၊ အစီအစဉ်၊ ဆွေးနွေးပွဲ သို့မဟုတ် ရည်ရွယ်ချက်များ မရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာတစ်ဝှမ်းရှိ တပ်စခန်းများတွင် ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေချိန်တွင် ယခုကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်း၏ စစ်ရေးခြေကုပ်မှုကို မြှင့်တင်ရန် သိသာထင်ရှားသောအားထုတ်မှုဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် ကူးသန်းရောင်းဝယ်ရေး ဆိပ်ကမ်းများနှင့် ဂျီဘူတီ၌ ၎င်း၏ ပထမဆုံးသော ပြည်ပစစ်အခြေစိုက်စခန်းတို့ကို တည်ဆောက်ထားပြီးဖြစ်သည်။

ယခင် သမ္မတထရမ့်အစိုးရလက်ထက်ကလည်း တရုတ်သင်္ဘောလုပ်ငန်းစုတစ်ခုမှ လည်ပတ်သည့် ဆိပ်ကမ်းရှိ စီမံကိန်းအား ရပ်တန့်ရေးယူအေအီးအား ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly