ကျောက်မီးသွေးအသုံးပြုမှု တဖြည်းဖြည်းလျှော့ချရေး အိန္ဒိယ၏ အစီအစဉ်ကို တရုတ်ထောက်ခံ

By NDTV
26 November 2021
ကျောက်မီးသွေးအသုံးပြုမှု တဖြည်းဖြည်းလျှော့ချရေး အိန္ဒိယ၏ အစီအစဉ်ကို တရုတ်ထောက်ခံ

ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ကျောက်မီးသွေးအသုံးပြုခြင်းကို ဦးစွာ ရပ်တန့်ပြီး အစိမ်းရောင် နည်းပညာများအား ဖော်ဆောင်နိုင်ရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သလို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP26 တွင် ကြေညာချက်တွင် ပါရှိသည့် အိန္ဒိယ တောင်းဆိုချက်ဖြစ်သော ကျောက်မီးသွေး အသုံးပြုမှုအား လုံးဝရပ်ဆိုင်းခြင်းထက် တဖြည်းဖြည်း လျှော့ချရန် အစီအစဉ်ကို သဘောတူထောက်ခံလိုက်သည်။

စကော့တလန်နိုင်ငံ၊ ဂလက်စဂိုမြို့တွင် နိုဝင်ဘာ ၁၃ ရက်က COP26 ညီလာခံပြီးဆုံးပြီးနောက် နိုင်ငံပေါင်း ၂၀၀ နီးပါးမှ ညှိနှိုင်းရေးမှူးများအကြား ရရှိခဲ့သည့် သဘောတူညီချက်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် တွင်းထွက်ရုပ်ကြွင်းလောင်စာအသုံးပြုမှုများကို ချက်ခြင်းရပ်တန့်ပစ်မည့်အစား တဖြည်းဖြည်း လျှော့ချသွားရန် အသိအမှတ်ပြုခဲ့ကြသည်။

“အစိမ်းရောင်နဲ့ကာဗွန်လျှော့ချမှုက ခိုင်မာ အားကောင်းမှု အရှိဆုံး လုပ်ငန်းစဉ်ဖြစ်လို့ နိုင်ငံအားလုံးက အတူတကွ လုပ်ဆောင်ရပါမယ်။ စွမ်းအင်ပြောင်းလဲမှုဟာ အလွန်အရေးကြီးတယ်လို့ တရုတ်နိုင်ငံက ခံယူထားပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လိယန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ညီလာခံဥက္ကဌအာလေ့ခ်ရှာမန်၏ မှတ်ချက်များအပေါ် ၎င်းက တုံ့ပြန်ပြောဆိုရာတွင် ကျောက်မီးသွေးလောင်စာ အသုံးပြုမှုအား လုံးဝရပ်ဆိုင်းရမည့် အစီအစဉ်ကို ကန့်ကွက်ရသည့်အကြောင်းရင်းအား ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ တရုတ်နှင့် အိန္ဒိယတို့က ရှင်းပြရန် လိုအပ်ကြောင်း ပြောကြားသည်။

“စွမ်းအင် အသုံးပြုသည့်ပုံစံကို အကောင်းဆုံးဖြစ်စေရန်နှင့် ကျောက်မီးသွေး သုံးစွဲမှု အချိုးအစားကို လျှော့ချရန်တို့သည့် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံအသီးသီး၏ အခြေအနေ၊ ဖွံ့ဖြိုးမှု အဆင့်အတန်းနှင့် ရင်းမြစ်ကြွယ်ဝမှုတို့သည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူသောကြောင့် လေးစားရမည်ဟု ပြောကြားသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် နိုင်ငံတိုင်းသည်လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသလို ဓာတ်အား ဖြန့်ဖြူးမှုမှာလည်း လုံလောက်ခြင်းမရှိပါဘူ။ကျောက်မီးသွေးအသုံးပြုခြင်းကို ရပ်တန့်ရန် နိုင်ငံအားလုံးကို မတိုက်တွန်းမီ ဒီနိုင်ငံတွေမှာ စွမ်းအင်လုံလောက်မှုရှိစေဖို့ ထည့်သွင်းစဉ်းစားရပါမယ်” ဟု ကျောင်က ပြောကြားသည်။ ဆွေးနွေးပွဲတွင် တရုတ်နှင့် အိန္ဒိယအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပါဝင်ခဲ့ကြသူများက ကမ္ဘာကြီးပူနွေးမှုပြဿနာကို ဖြေရှင်းရန် ညီညွတ်စွာ ဆုံးဖြတ်နိုင်ခဲ့ခြင်းအပေါ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်းများက ချီးမွမ်းခဲ့ကြသလို ဖွံ့ဖြိုးပြီးနိုင်ငံတို့ကလည်း ၎င်းတို့၏ ကတိကဝတ်ကို ညီညွတ်ရန် ပံ့ပိုးဆောင်ရွက်ရမည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly