ကရုဏာဆေးခန်းဖြစ်ရပ်သည် စစ်ရာဇဝတ်မှုတွင် အကျုံးဝင်ဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

ကရုဏာဆေးခန်းဖြစ်ရပ်သည် စစ်ရာဇဝတ်မှုတွင် အကျုံးဝင်ဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

နိုဝင်ဘာ ၂၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်၊ ခရစ္စတူးဘုရင် ဘုရားကျောင်းဝန်းရှိ ကရုဏာဆေးခန်းမှ စေတနာ့ဝန်ထမ်းများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုထဲ အကျုံးဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဝန်ကြီးက ပြောကြားသည်။

ဂျီနီဗာကွန်ဗန်းရှင်းတွင် လူသားချင်းစာနာမှု အကူအညီပေးသူများကို တိုက်ခိုက်၊ ဖမ်းဆီးမှု မလုပ်ရဟူ၍ ပြဋ္ဌာန်းထားကြောင်း ၎င်းကဆိုသည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “ ဒီလိုမျိုး ဖမ်းဆီးမှုဟာ ဂျီနီဗာကွန်ဗန်းရှင်းအရ ပြောမယ်ဆိုရင် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့ ပြစ်မှုထဲမှာ အကျုံးဝင်သလို၊ ဘာသာရေးအရ လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း၊ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ လုပ်ဆောင်မှုကို ကန့်သတ် ခြိမ်းခြောက်ရာလည်း ရောက်တဲ့အတွက် ဒါလုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်။ ရာဇဝတ်မှု ချိုးဖောက်မှုကို ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဆက်ဖြစ်လဲဆိုတာ အဲ့အပေါ်မှာ ဆက်ပြီး ကြည့်ရပါလိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။

ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းထဲသို့ စစ်ကောင်စီ တပ်ဖွဲ့များက နိုဝင်ဘာလ ၂၂ ရက်တွင် ဝင်ရောက်စီးနင်းပြီး ဆရာဝန်နှင့် သူနာပြုများ အပါအဝင် စေတနာ့ဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကျောင်းထိုင်ဘုန်းတော်ကြီး၊ သီလရှင်အချို့နှင့် ပြည်နယ် အတွင်းရှိ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က စစ်ကောင်စီ တာဝန်ရှိသူများနှင့် သွားရောက်ဆွေးနွေးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါလုပ်ရပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုလည်း ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့်လည်း သက်ဆိုင်ကြောင်း ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ထို့ကြောင့် NUG မှနေ၍ နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ တင်ပြသွားမည့်အပြင် မြန်မာ့အရေးကို ဆုတောင်းပေးနေသည့် ကက်တလစ် ဘုန်းတော်ကြီး အသင်းအဖွဲ့များကိုလည်း ပြောပြရန် ရှိကြောင်း၎င်းက ဆိုသည်။

စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ဆေးခန်းကိုပိတ်ထားခဲ့ရပြီး ဆေးခန်းရှိလူနာများကိုလည်း လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံက သိရသည်။

၁၉၉၈ ခုနှစ်ကတည်းက ဆေးခန်းဖွင့်ခွင့် လိုင်စင်ရရှိထားသည့် ကရုဏာဆေးခန်းကို တရားမဝင်ဆေးခန်းဟုဆိုကာ စေတနာ့ဝန်ထမ်းများတွင်လည်း ၅၀၅-က ဖြင့် တရားစွဲဆိုခံရထားရသူများ ပါဝင်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းတွင် စွပ်စွဲဖော်ပြထားသည်။

တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအများစုတွင် စစ်ကောင်စီ တပ်သည် အများပြည်သူပိုင် အိုးအိမ်နှင့် ဘုရားကျောင်းများကိုဖျက်ဆီးခြင်း၊ တပ်စွဲစခန်းချခြင်း ပြုလုပ်နေသည် သာမက လူသားချင်းစာနာမှု အကူအညီပေးနေခြင်းများကိုလည်း ပိတ်ပင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly