ပြင်သစ်မှ အင်္ဂလန်ဆီ ဝင်ရောက်ရာမှာ စက်လှေ နစ်မြုပ်ပြီး ရွှေ့ပြောင်းဝင်ရောက်သူ ၂၇ ဦး သေဆုံး 

ပြင်သစ်မှ အင်္ဂလန်ဆီ ဝင်ရောက်ရာမှာ စက်လှေ နစ်မြုပ်ပြီး ရွှေ့ပြောင်းဝင်ရောက်သူ ၂၇ ဦး သေဆုံး 

နိုဝင်ဘာ ၂၅

ပြင်သစ်ကနေ အင်္ဂလန်ဆီ ဝင်ရောက်ဖို့ ကြိုးစားရာမှာ ပြင်သစ် မြောက်ပိုင်းကမ်းလွန်မှာ စက်လှေနစ်မြုပ်တာကြောင့် ရွှေ့ပြောင်းဝင်ရောက်သူ ၂၇ ဦး ဗုဒ္ဓဟူးနေ့မှာ သေဆုံးခဲ့ကြရပါတယ်။ ဒါဟာဆိုရင် အင်္ဂလိပ် ရေလက်ကြားဟာ ပုန်းလျှိုးကွယ်လျှိုး နယ်ဖြတ်ကျော် ဝင်ရောက်မှု အခရာဖြစ်လာချိန်ကစလို့ အသေအဆုံးအများဆုံး အဖြစ်ဆိုးပဲ ဖြစ်ပါတယ်။ 

ပြင်သစ်နိုင်ငံအနေနဲ့ ရေလက်ကြားကို ‘သင်္ချိုင်း’ အဖြစ်ခံမှာ မဟုတ်ဘူးလို့ သမ္မတ အမ်မန်နျူရယ် မက်ခရွန်က သံန္ဒိဋ္ဌာန်ချ ပြောဆိုပြီး ရွှေ့ပြောင်းဝင်ရောက်သူတွေ များပြားလာတာအတွက် အပြစ်ရှိနေတဲ့ မှောင်ခိုကူးသူတွေကို နှိမ်နင်းသွားရေး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ 

“လူသားဖြစ်တည်မှု၊ လူတစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို လေးစားမှုစတဲ့ ဥရောပမှာ စံအထားဆုံး တန်ဖိုးတွေအတွက် ဒါဟာ ဝမ်းနည်းကြေကွဲစရာ အဖြစ်ပါပဲ”လို့ မက်ခရွန်က ပြောပါတယ်။ 

အခု ရေလက်ကြားကို နယ်စပ်ကူးဖြတ်ရာ လမ်းကြောင်းအဖြစ် ရွှေ့ပြောင်းဝင်ရောက်သူတွေ ၂၀၁၈ မှာ အသုံးပြုလာချိန်ကစလို့ အခု ဖြစ်ရပ်ဟာ သေဆုံးမှုအများဆုံးပဲ ဖြစ်ပါတယ်။ နယ်မြေဖြတ်ကူးသူ အရေအတွက် စံချိန်တင် မြင့်မားနေခြင်းကြောင့်လည်း ဗြိတိန်နဲ့ ပြင်သစ်ကြားမှာ တင်းမာမှုတွေ ကြီးထွားနေပါတယ်။ 

မြောက်ပိုင်း ကာလာအစ်မြို့ ကမ်းလွန်မှ စက်လှေနစ်မြုပ်မှုနဲ့ ပတ်သက်လို့ အစိုးရရှေ့နေတွေက လူသေမှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ လေသွင်း စက်လှေနဲ့ ကူးဖြတ်ရာကနေ စက်လှေနစ်မြုပ်နဲ့ ဆက်စပ်ပတ်သက်သူ သံသယရှိ မှောင်ခိုကူးသူ လေးဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီး ဂါရတ်ဒ် ဒါမန်နင်းက ဆိုပါတယ်။ 

အသက်ရှင်သူ နှစ်ဦးကိုပဲ ရှာဖွေတွေ့ရှိပြီး သူတို့နှစ်ဦးစလုံး အသက်ဘေး စိုးရိမ်ရတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူတွေမှာ အမျိုးသမီး ငါးဦးနဲ့ မိန်းကလေးငယ် တစ်ဦးတို့ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။ ကာလာအစ်မြို့တော်ဝန် နာတာချာ ဘိုချက်က သေဆုံးသူတွေမှာ ကိုယ်ဝန်သည်တစ်ဦးပါ ပါရှိတယ်လို့ ပြောပါတယ်။ 

ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုတော့ ချက်ချင်း ရှင်းလင်းသေချာစွာ မသိရသေးပါ။ အစောပိုင်းက သေဆုံးသူ ၃၁ ဦး ရှိတယ်လို့ ဆိုပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနဟာ နောက်ပိုင်းမှာ ၂၇ ဦး ရှိတယ်လို့ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် ယန်း ကာစတက်စ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြဿနာရေးရာ အစည်းအဝေး ခေါ်ယူမယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly