အက်ကြောင်းထင်လာတဲ့ ပါကစ္စတန်-တရုတ် ဆက်ဆံရေး

အက်ကြောင်းထင်လာတဲ့ ပါကစ္စတန်-တရုတ် ဆက်ဆံရေး

ပါကစ္စတန်နှင့် တရုတ်အကြား "ကောင်းကောင်းဆိုးဆိုး ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အတူတူရပ်တည်သည့် မိတ်ဆွေဖြစ်မှု" ဆိုသည့် ဆက်ဆံရေးသည် ယခုအခါ လှုပ်ရမ်းခံနေရပုံပေါ်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အက်ကြောင်းများ ထင်လာနေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) နှင့် China Mobile Pakistan (CMPaK) က ပိုင်ဆိုင်သည့် တယ်လီကွန်မြူနစ်ကေးရှင်း တာဝါတိုင် တို့အပါအဝင် အစ္စလမ်မာဘတ်တွင် ဖြစ်ထားခဲ့သည့် ဖြစ်စဥ်တစ်ချို့က ပါကစ္စတန်အတွက် ပေကျင်း၏ လက်ထဲတွင် အရှက်ရစရာ အခြေအနေများ ရှိနေခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်တို့သည် ၎င်းတို့အကြား မိတ်ဆွေဖြစ်မှုက မကြုံစဖူးဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက အမွှမ်းတင်ထားသော်လည်း လက်တွေ့မြေပြင်ရှိ အ‌ခြေအနေသည် အခြားပုံစံတစ်ခုကို ပြသနေကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုင်းတွင် ယခုအခါ အက်ကွဲကြောင်းများ ထင်လာနေပုံပေါ်ပြီး ယင်းတို့က "တောင်များထက် ပိုမြင့်သည့်" ၊ "သမုဒ္ဒရာများထက် ပိုမိုနက်ရှိုင်းသည့်" အခြေအနေတွင် ရှိနေကြောင်း Times of Israel တွင် ရေးသားနေသည့် ဆာဂျီယို ရက်စ်တယ်လီက ပြောသည်။

"ရှင်ကျန်းရဲ့ ကက်ရှ်ဂါကနေ အာရေးဘီးယန်းပင်လယ်ကမ်းခြေ ဂွာဒါကို ချိတ်ဆက်မယ့် ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ စီးပွားရေးစင်္ကြန် (CPEC) ဟာ ကြိုဆိုဂုဏ်ပြုခံထားရသလို ပါကစ္စတန် ပြည်သူတွေဘက်က ဒါဟာ သူတို့အတွက် ကြီးပွားချမ်းသာမှုတွေနဲ့ ဥစ္စာဓနတွေ ယူဆောင်လာလိမ့်မယ်လို့ ထင်ထားခဲ့ကြပါတယ်၊ ဒါပေမယ့် ခုချိန်မှာတော့ ကြည့်ရတာ CPEC ဟာ ပါကစ္စတန်ရဲ့ လည်ပင်းနားမှာ ရှိနေတဲ့ ဗြဟ္မာ့ဦးခေါင်းတစ်ခု ဖြစ်နေပုံပေါ်နေပါတယ်၊ သဘောတူညီချက် လက်မှတ်ထိုးတဲ့နေ့ နောက်ပိုင်း ပွင့်လင်းမြင်သာမှု မရှိမှု၊ ဖုံးကွယ်ထားတဲ့ သတ်မှတ်ချက်တွေ၊ ကမ်းလှမ်းပေးထားတဲ့ ချေးငွေ သတ်မှတ်ချက်တွေ၊ ပါကစ္စတန်မှာ တရုတ်အလုပ်သမားတွေ အလုံးအရင်း ဝင်လာမှုတွေနဲ့ ကြွေးမြီတိုးလာတာတွေလိုမျိုး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်ထားစေခဲ့ပါတယ်" ဟု ဆာဂျီယိုက Times of Israel တွင် ပြောသည်။

ပါကစ္စတန်အတွက် CPEC ကနေ အကြောင်းပြု ထွက်ပေါ်လာသည့် ရှည်လျားသည့် ဒုက္ခသုက္ခများ စာရင်းတွင် နောက်ထပ်ဒုက္ခသစ်တစ်ခုကို ထပ်တိုးစေခြင်းအားဖြင့် တရုတ်အစိုးရသည် ယခုနောက်ဆုံးကိစ္စတစ်ခုအဖြစ် ၂၀၂၁ ဇူလိုင် ၁၄ ရက် ဗုံးပေါက်ကွဲမှုဖြစ်ရပ်တစ်ခုကြောင့် သေဆုံးခဲ့သည့် တရုတ်လုပ်သားများ၊ အင်ဂျင်နီယာများအတွက် နစ်နာကြေးအဖြစ် ပါကစ္စတန်ထံမှ ဒေါ်လာ ၃၈ သန်း တောင်းခံထားခဲ့သည်။

ထို့ပြင် မငြိမ်မသက်ဖြစ်နေသည့် မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသတွင် China Capital Mobile Pakistan က ပိုင်ဆိုင်သည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်ဟု နိုဝင်ဘာ ၅ ရက် သတင်းဖော်ပြချက်များကို ကိုးကားပြီး ဆာဂျီယိုက ပြောသည်။ ပါကစ္စတန် အခြေစိုက် မိုဘိုင်းဒေတာ ကွန်ရက် အော်ပရေတာသည် Zong အမည်အောက်တွင် လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့ပြင် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးတစ်ခု၏ ကြိုးကွင်းသည်လည်း ပါကစ္စတန်တို့အတွက် တစ်နေ့တစ်ခြား ပိုမို တင်းကျပ်လာနေသည်ဟု ၎င်းက Times of Israel တွင် ရေးခဲ့သည်။ "လုံခြုံရေးပိုင်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာနဲ့၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမြတ်အစွန်း ရရှိမှု ကြန့်ကြာနေမှုတို့ကြောင့် တရုတ်ဟာ ပါကစ္စတန်မှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ့် အစီအစဥ်တွေကို ရုပ်သိမ်းပြီး နောက်ပြန်လှည့်နေပါတယ်၊ နောက်ပြီး အဓိက အဝေးပြေးလမ်းမ စီမံကိန်းသုံးခု (၂၁၀ ကီလိုမီတာရှိ ဒီရာ အစ္စမေးလ် ခန် - ကျောင့်ဘ် လမ်း၊ ကီလိုမီတာ ၁၁၀ ရှိ ခူဇ်ဒါ- ဘာစီမာ လမ်း နဲ့ ကာရာကိုရမ် အဝေးပြေးလမ်းမပေါ်က ၁၃၆ ကီလိုမီတာရှိ ရိုင်ကော့တ်-တာကော့ လမ်းအပိုင်း) တို့အတွက် ဘဏ္ဍာငွေထောက်ပံ့မှုကို ခုထက်ထိ ခွင့်ပြုပေးတာမျိုး မရှိသေးပါဘူး၊ ဒီလို နှောင့်နှေးမှုက ပါကစ္စတန်အတွက် ကုန်ကျမှုတွေ မြင့်တက်စေပါတယ်၊ ဒါပေမယ့် တရုတ်အစိုးရကတော့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အကျင့်ပျက်ခြစားမှု စွဲချက်တွေကို အကြောင်းပြပြီး အပြောင်းအလဲမရှိ ဒီတိုင်း ရှိနေခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းအတွက်ကြောင့် ပေကျင်းသည် ယင်း၏ မဟာဗျူဟာကျ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို အကျိုးပြုထောက်ပံ့နိုင်ရန် ယင်း၏ မိတ်ဆွေနိုင်ငံအပေါ် အသုံးချနေရုံသာ ဖြစ်သည် ဆိုသည်ကို ပါကစ္စတန်တို့ နားလည်သဘောပေါက်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required