တရုတ်တွင် စီချွမ်-တိဗက် ရထားလမ်းစီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင်နေ

တရုတ်တွင် စီချွမ်-တိဗက် ရထားလမ်းစီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင်နေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်မှ တိဗက်သို့ မီးရထားလမ်းဖောက်လုပ်ခြင်းသည် အလုပ်လုပ်ရန်မဖြစ်နိုင်သော ကမ္ဘာမြေအပေါ်ယံလွှာမှ လွန်ကဲသောအပူရှိသည့်နေရာများကို ဖြတ်သန်းသွားရ သော်လည်း ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

အဆိုပါ မီးရထားလမ်းကြောင်း၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ပရောဂျက်အတွက် စံချိန်တင် အမြင့်ဆုံးဖြစ်သည့် မြေပြင်အပူချိန် ၈၉ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၉၂ ဒီဂရီ ဖာရင်ဟိုက်) ရှိမှုကြောင့် လူသားများ သို့မဟုတ် စက်များအတွက် ပူလွန်းသော ကျောက်တုံးများကိုဖြတ်၍ ဥမင်လိုဏ်ခေါင်းဖောက်လုပ်ခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ဆိုသည်။

၁ ၅၄၃ ကီလိုမီတာ (၉၅၉ မိုင်) ရှည်လျားသော စီချွမ်-တိဗက် မီးရထားလမ်းသည် ယခင်ရထားလမ်းပရောဂျက်များထက် ပိုမိုအားထုတ်ရကာ ပြတ်ရွေ့ကြောလိုင်း ၄၀ ကျော်ကို ဖြတ်သန်းရမည်ဖြစ်သည်။

သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် အပူကိုလျှော့ချရန် နည်းလမ်းအချို့ကို တီထွင်ကြံဆနေချိန်မှာ အလုပ်သမားများကလည်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်နိုင်ရေးအတွက် ရုန်းကန်နေရသည်။

ရထားလမ်းသည် လူနေထူထပ်သော အနောက်တောင်ဘက်ရှိ စီးပွားရေးအင်အားကြီးမြို့တော် ချန်ဒူနှင့် တိဘက်မြို့တော် လာဆာကို ချိတ်ဆက်ရန်ဖြစ်သည်။ ရထားလိုင်း၏ ၃ ပုံ ၁ ပုံမှာ ပြီးစီးနေပြီး ရထားများပင်ပြေးဆွဲနေပြီဖြစ်သည်။

တရုတ်အစိုးရသည် ၂၀၁၄ ခုနှစ်တွင် စီချွမ်-တိဗက် စီမံကိန်းကို သတ်မှတ်ကြာချိန် ၁၀ နှစ်ဖြင့် စတင်ခဲ့သည်။ လမ်းကြောင်းတစ်ခုလုံးနီးပါးကို တံတားများ သို့မဟုတ် ဥမင်လိုဏ်ခေါင်းများပေါ်တွင် တည်ဆောက်ထားသည်။ လမ်းတွင် မီတာ ၄၀၀၀ ကျော်မြင့်သော တောင် ၈ တောင်ရှိကာ မြို့ပြအင်ဂျင်နီယာများက ၎င်းအား သမိုင်းတစ်လျှောက် အခက်ခဲဆုံး ရထားလမ်းစီမံကိန်းအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

ဥမင်လှိုဏ်ခေါင်းအတွင်း အပူချိန်မြင့်မားမှုကြောင့် ရထားလမ်းအလုပ်သမားများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် မကြာခဏ ရင်ဘတ်အောင့်ခြင်း၊ အော့အန်ခြင်းနှင့် သတိလစ်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာများ ခံစားနေရသည်ဟု အနောက်တောင် Jiaotong တက္ကသိုလ်မှ ပါမောက္ခ ဟီချွမ်ဦးဆောင်သော ၂၀၁၉ သုတေသနပြုချက်အရ သိရသည်။

အပူချိန်သည် ထရပ်ကားများနှင့် ဘူဒိုဇာများ အပါအဝင် အကြီးစား စက်ယန္တရားများ၏ အင်ဂျင်များကို အပူချိန်လွန်ကဲစေပြီး တာယာများနှင့် ဘရိတ်များ လည်ပတ်မှု ရပ်တန့်သွားခဲ့သည်။

သို့သော် အဆိုးရွားဆုံး ခြိမ်းခြောက်မှုမှာ မြင့်မားသော အပူရှိန်နှင့်ဖိအားအောက်တွင် ကျောက်တုံးများ ပေါက်ကွဲထွက်ခဲ့ပြီး လုပ်ငန်းခွင်ရှိ လူတိုင်းကို ခြိမ်းခြောက်ခဲ့သည်။

ရထားလမ်းကြောင်းတစ်လျှောက်တွင် ဥမင်လိုဏ်ခေါင်း ၇၀ ကျော်ရှိပြီး အရှည်ဆုံးသည် ကီလိုမီတာ ၄၀ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly