ထိုင်းနိုင်ငံထဲ ခိုးဝင်မှုဖြင့် မြန်မာ ၆၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ ခိုးဝင်မှုဖြင့် မြန်မာ ၆၀ ဦး ထပ်မံ ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မူအန်း နှင့် စန်ခလာဘူရီ ခရိုင်တို့ထဲ ဝင်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား ၆၀ ဦးကို အဖွဲ့အုပ်စု သုံးခုအနေဖြင့် နိုဝင်ဘာ ၂၃ ရက်က တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲများက ပြောသည်။

မူအန်း ခရိုင်တွင် အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး ပါသည့် မြန်မာနိုင်ငံသား အုပ်စုတစ်စုကို ယင်းနေ့ မနက်ပိုင်းက တမ်ဘွန် ဘန် ကော်နယ်မြေတွင် ထိုင်းကင်းလှည့်အဖွဲ့တစ်ခုက တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံ ထားဝယ်၊ မကွေး၊ ရန်ကုန်နှင့် ပဲခူး တို့မှ လာကြသူများဖြစ်ပြီး ထိုင်းနိုင်ငံ ချွန် ဘူရီ၊ နွန်သာဘူရီ၊ ဆမွတ် ဆာခွန်း၊ ဆမွတ် ပရာကန် တို့တွင် အလုပ်လုပ်ရန်အတွက် ပွဲစားများကို တစ်ဦးလျင် ဘတ် ၁၇,၀၀၀ ကနေ ၂၅,၀၀၀ အထိ ပေးခဲ့ကြရသည်ဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။

ဒုတိယအုပ်စုတွင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို ယင်းနေ့ ညနေပိုင်းက အလားတူ ကင်းလှည့်အဖွဲ့ကပင် တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ထားဝယ်၊ ရခိုင်၊ မော်လမြိုင်နှင့် ပဲခူးတို့မှ လာကြသူများဖြစ်ပြီး နခွန်ပထုံနှင့် ဆမွတ်ဆာခွန်း တို့တွင် အလုပ်လုပ်ရန် ပွဲစားများကို ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။

စန်ခလာဘူရီတွင်လည်း စစ်တပ်နှင့် ရဲ တို့ပါသည့် ပူးပေါင်းကင်းလှည့်အဖွဲ့တစ်ခုက အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခြောက်ဦးပါ မြန်မာနိုင်ငံသား အုပ်စုတစ်စုကို တွေ့ရှိထိန်းသိမ်းခဲ့သည်ဟု သိရသည်။

၎င်းတို့သည်လည်း ဆမွတ် ဆာခွန်းတွင် အလုပ်လုပ်ရန် ပွဲစားများကို ဘတ် ၁၈,၀၀၀ စီ ပေးခဲ့ကြရသည်ဟု သိရသည်။

ယခုအခါ အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူရန် ရဲလက်သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly