အိန္ဒိယသမ္မတနိုင်ငံတော်နေ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားရန် စီစဉ်နေသည်ဆိုသည့် သတင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ

အိန္ဒိယသမ္မတနိုင်ငံတော်နေ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားရန် စီစဉ်နေသည်ဆိုသည့် သတင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ

နိုဝင်ဘာ ၂၄

လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ (Republic Day) အခမ်းအနားများအတွက် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားရန် နယူးဒေလီဘက်က စီစဉ်နေကြောင်း သတင်းများအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာသည့် သတင်းတစ်ရပ်အရ နယူးဒေလီသည် မြန်မာပါဝင်သည့် ဘင်းမ်စတက်အုပ်စုမှ ခေါင်းဆောင်များကို ဖိတ်ကြားရန် စဥ်းစားလျက်ရှိကြောင်း၊ ယင်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာစင်မြင့်တစ်ခုထက် ရောက်စေရန် အခွင့်အရေးတစ်ခု ပေးသလို ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့ပြီးနောက် ယခုအခါ ယင်းသတင်းနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချသွားခဲ့ခြင်းဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပါလီမန်ကို ဖျက်သိမ်းကာ နိုင်ငံရေးသမား အများအပြားကို ဖမ်းဆီးအကျဥ်းချခဲ့ပြီး စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြမှုများအပေါ် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့ရာ လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှောင်ဖယ်မှုကို ခံနေရသည်။

မကြာသေးခင်က ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတစ်ခုတွင်လည်း မြန်မာ၏ ကိုယ်စားပြုမှု အဆင့်လျှော့ချခံခဲ့ရပြီး စစ်ကောင်စီအကြီးအကဲကို အစည်းအဝေးဖိတ်ကြားခဲ့ခြင်း မရှိပေ။

လာမည့်နှစ် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့အတွက် ဧည့်သည် ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး ရေးသားဖော်ပြခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ခဲ့ရာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘက်ဂ်ချီက "၂၀၂၂ ရီပတ်ဘလစ်နေ့ အခမ်းအနား ဧည့်သည်ဖိတ်ကြားမှုနဲ့ပတ်သက်လို့ မှန်းဆရေးသားတဲ့ မီဒီယာသတင်းဖော်ပြချက်တစ်ခုကို ကျွန်တော်တို့ တွေ့မြင်ထားခဲ့ရပါတယ်၊ ဒီ ရေးသားဖော်ပြချက်က မှန်ကန်မှု မရှိသလို အဖြစ်မှန်အပေါ် အခြေခံထားတာလည်း မရှိပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်း သတင်းဖော်ပြချက်အရ လာမည့်နှစ် အခမ်းအနားအတွက် အိန္ဒိယသည် ဘင်္ဂလားပင်လယ်အော် နည်းပညာနှင့် စီးပွားရေး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (ဘင်းမ်စတက်) အဖွဲ့၏ ခေါင်းဆောင်များအားလုံးကို ဖိတ်ကြားရန် စီစဥ်နေသည် ဟု ဖော်ပြထားခဲ့သည်။ ယင်းအဖွဲ့တွင် ပါကစ္စတန် မပါသည့်အတွက် အိန္ဒိယသည် SAARC အဖွဲ့ထက်စာရင် ဘင်းမ်စတက်အဖွဲ့ကို အားပေးမြှင့်တင်ရန် ကြိုးပမ်းထားခဲ့သည်။ ဘင်းမ်စတက်တွင် အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ နှင့် ဘူတန်တို့ ပါဝင်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် ကျင်းပမည့် ဒီမိုကရေစီနိုင်ငံများ အစည်းအဝေးတစ်ရပ်ကို အိန္ဒိယ ပါဝင်တက်ရောက်ရန် ရှိနေချိန် ယင်းမတိုင်မီ သီတင်းပတ်များအတွင်း အထက်ပါသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မကြာသေးခင်က ပြင်ပ ဧည့်ပရိသတ်များကို မိန့်ခွန်းပြောကြားခဲ့စဥ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ဒီမိုကရေစီနိုင်ငံများအနေဖြင့် လူ့ကျင့်ဝတ်ဆိုင်ရာ ကဏ္ဍများကို ယင်းတို့ဘာသာ ဖြေရှင်းနိုင်ရန်အတွက် အရေးကြီးသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေမှုပိုင်းတွင် မည်သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်သင့်သလဲ ဆိုသည်ကို အလေးပေးပြောထားခဲ့သည်။

၂၀၁၉ ခုနှစ်က နာရင်ဒြာ မိုဒီ ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ကျမ်းကျိန်ပွဲသို့ ဘင်းမ်စတက် ခေါင်းဆောင်အားလုံး တက်ရောက်ခဲ့ကြသည်။ သို့သော် ထိုအချိန်က မြန်မာသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့သည်။
ယင်းနောက်ပိုင်း ဘင်းမ်စတက်အုပ်စုတွင် ခေါင်းဆောင်တချို့ အပြောင်းအလဲဖြစ်ထားသော်လည်း အဖွဲ့ဝင်အားလုံးက ပုဂ္ဂိုလ်ရေး အခြေခံအရမူ အိန္ဒိယကို လိုလားလက်ခံနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required