ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီ အကြီးအကဲနဲ့ အီရန်တို့ စတင်ဆွေးနွေး 

ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီ အကြီးအကဲနဲ့ အီရန်တို့ စတင်ဆွေးနွေး 

နိုဝင်ဘာ ၂၄

နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲဟာ အီရန်နိုင်ငံကို ရောက်ရှိပြီး အင်္ဂါနေ့မှာ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ 

အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်မစခင် သီတင်းတစ်ပတ်အလိုမှာ လာရောက်ဆွေးနွေးတာပဲ ဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။ 

အီရန်မြို့တော် တီဟီရန်ကို ရောက်ရှိပြီး နောက်တစ်ရက်မှာပဲ IAEA အကြီးအကဲ ရာဖဲလ် ဂရို့စ်စီက အီရန်နျူကလီးယားစွမ်းအင်အဖွဲ့အစည်း အကြီးအကဲ မိုဟာမတ် အီစလာမီနဲ့ ဆွေးနွေးပွဲတွေ စတင်တာလို့ IRNA သတင်းဌာနက ထုတ်လွှင့်ပါတယ်။ 

ရာဖဲလ် ဂရို့စ်စီဟာ အီရန် အစိုးရသစ်ရဲ့ နျူကလီးယားအရေးကို ဦးဆောင်ရသူ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီယာ အဒေါလာဟီယန်နဲ့လည်း နောက်ပိုင်းအချိန်မှာ ပထမဆုံး တွေ့ဆုံဖြစ်ဖို့ ရှိပါတယ်။ 

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်ပြီး အသက်သွင်း‌ရေး အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား လာမယ့် တနင်္လာနေ့မှာ ဆွေးနွေးပွဲတွေ ပြန်မစခင် IAEA အကြီးအကဲက လာရောက်ဆွေးနွေးတာပဲ ဖြစ်ပါတယ်။  

နျူကလီးယား သဘောတူညီချက်အရ အီရန်ဟာ နျူကလီးယား စီမံကိန်းတွေကို လျှော့ချရပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာတဲ့နောက် သဘောတူညီချက် ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ 

ဂရို့စ်စီ ရောက်ရှိပြီး နာရီအတော်ကြာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဆက်အိဒ် ခါတက်ဘ်ဇာဒက်ရှ်က အခု လာရောက်မှုဟာ ‘အပြုသဘောဆောင်’ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

“ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းမှာ ရှိဖို့ IAEA ကို ကျွန်တော်တို့ အမြဲတမ်း အကြံပြုနေတာပါ၊ IAEA ရဲ့ ကိုယ်စားပြုမှုဟာ နိုင်ငံရေး တိမ်းညွတ်မှုတွေ မရှိဖို့လည်း အကြံပြုနေတာပါ”လို့ သူက ပြောပါတယ်။ 

အီရန်နိုင်ငံဟာ ယူရေနီယံ သိုလှောင်မှုကို ၂၀၁၅ သဘောတူညီချက်က ကန့်သတ်ထားတာထက် အဆများစွာများပြီး ၂၄၈၉ ဒသမ ၇ ကီလိုဂရမ် သိုလှောင်နေတယ်လို့ IAEA ပြောထားပြီးနောက်မှာပဲ ဂရို့စ်စီက အီရန်နိုင်ငံဆီ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သဘောတူညီချက်ကနေ အမေရိကန်ကို တစ်ဖက်သတ် နုတ်ထွက်စေခဲ့ပြီးနောက်မှာ အီရန်နိုင်ငံဟာ သဘောတူညီချက်ပါ ကတိကဝတ်တွေကို စတင်ဖြေလျှော့လာခဲ့တာပဲ ဖြစ်ပါတယ်။ 

ထရမ့်နေရာကို ဆက်ခံတဲ့ ဂျိုး ဘိုင်ဒင်က JCPOA လို့ သိကြတဲ့ ဒီ သဘောတူညီချက်မှာ ပြန်လည်ပါဝင်ဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly