ELN အဖွဲ့ထံမှ ကိုကင်း ၁၀ တန် ဖမ်းဆီးရမိဟု ကိုလံဘီယာအစိုးရ ထုတ်ပြန်

ELN အဖွဲ့ထံမှ ကိုကင်း ၁၀ တန် ဖမ်းဆီးရမိဟု ကိုလံဘီယာအစိုးရ ထုတ်ပြန်

နိုဝင်ဘာ ၂၄

ကိုလံဘီယာနိုင်ငံမှာ ကိုကင်း ၁၀ တန် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခု ဖမ်းဆီးရမိမှုကတော့ အီကွေဒေါနဲ့အကြား တောင်ပိုင်း နယ်စပ်အနီးမှာ ရှိတဲ့ ဓာတ်ခွဲခန်းနှစ်ခုမှာ ELN ပြောက်ကျားတပ်ဖွဲ့ ဖုံးဝှက်ထားတဲ့ ကိုကင်းတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ပြောပါတယ်။

စစ်တပ်၊ ရဲ နဲ့ လေတပ်တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်းမှာ ယခုနှစ်ရဲ့ အရေးအပါဆုံး "ကိုကင်း ဖမ်းဆီးရမိမှုူ" ကို လုပ်ဆောင်အောင်မြင်ခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဒီယေဂို မိုလာနိုက မီဒီယာတွေကို ထုတ်ပြန်ပြောကြားပါတယ်။

နာရီနို နယ်မြေ ဆာမန်နီဂိုမြို့ရဲ့ ရွာတစ်ရွာမှာ အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ELN) ပြောက်ကျားတပ်ဖွဲ့ရဲ့ ဓာတ်ခွဲခန်းနှစ်ခုမှာ ယခု မူးယစ်ဆေးတွေကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ တရားဝင် အစီရင်ခံစာအရ သိရပါတယ်။

"ကိုကင်း ဆယ်တန် ဆိုတာဟာ ELN အဖွဲ့အနေနဲ့ ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်၊ ဒီ ဓာတ်ခွဲခန်းနှစ်ခုဟာ သူတို့ဟာတွေ ဖြစ်ပါတယ်" လို့ မိုလာနိုက ပြောခဲ့ပါတယ်။

ကိုလံဘီယာ အစိုးရရှေ့နေရုံးရဲ့ ဖော်ပြချက်အရ ဒီကိုကင်းတွေဟာ အမေရိကန်ဆီ တရားမဝင် ကုန်ကူးရာမှာ အသုံးအများဆုံး လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဗဟိုအမေရိကဆီကို တင်ပို့ဖို့အတွက် သိုလှောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ကတော့ ကမ္ဘာမှာ ကိုလံဘီယာ ကိုကင်းကို အများဆုံး သုံးစွဲတဲ့ နိုင်ငံဖြစ်နေပါတယ်။

အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှု၊ အကူအညီပေးမှုနဲ့အတူ ကိုလံဘီယာမှာ မူးယစ်ဆေးတွေအပေါ် ရာစုနှစ်ဝက်ကြာ နှိမ်နင်းတိုက်ဖျက်ထားခဲ့ပေမယ့် ယင်းနိုင်ငံဟာ လက်ရှိမှာ ကမ္ဘာမှာ ကိုကင်းထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်က ယင်းနိုင်ငံမှာ ကိုကင်း ထုတ်လုပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ကိုကာပင် စိုက်ပျိုးမှုဟာ ဟက်တာပေါင်း ၁၄၃,၀၀၀ အထိ နေရာယူထားခဲ့ပြီး ကိုကင်း ဟိုက်ဒရိုကလိုရိုက်ဒ် ထုတ်လုပ်မှုဟာ ၁,၂၂၈ တန်ခန့်အထိ ရောက်ရှိခဲ့ပါတယ်။

ကိုလံဘီယာမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ညှိနှိုင်းရယူပြီး FARC အဖွဲ့ လက်နက်ဖြုတ်သိမ်းပြီးနောက်ပိုင်း ELN အဖွဲ့ဟာ ယင်းနိုင်ငံမှာ နောက်ဆုံးကျန်ရှိနေတဲ့ ပြောက်ကျားသူပုန်အဖွဲ့အဖြစ် သတ်မှတ်ခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly