NUG ကာကွယ်ရေး အသုံးစရိတ် ရန်ပုံငွေပွဲ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ပြုလုပ်မည်

NUG ကာကွယ်ရေး အသုံးစရိတ် ရန်ပုံငွေပွဲ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ပြုလုပ်မည်

နိုဝင်ဘာ ၂၃

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန အရေးပေါ် အသုံးစရိတ် ရန်ပုံငွေပွဲ အဖြစ် “One Million Campaign” ကို ဂျပန်ရောက် မြန်မာ အဖွဲ့အစည်းများ ပူးပေါင်း၍ နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း Revolution Tokyo Myanmar အဖွဲ့ ထံက သိရသည်။

ရန်ပုံငွေပွဲကို အွန်လိုင်း အခမ်းအနား ပုံစံဖြင့် Zoom မှ တစ်ဆင့် ဂျပန်စံတော်ချိန် ည ၉ နာရီ ( မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်) တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေး ဝန်ကြီး တက်ရောက်မည် ဖြစ်သည်။

ပွဲတွင် ကာကွယ်ရေးဝန်ကြီးက ၎င်းတို့ လက်ရှိဆောင်ရွက်နေမှုများကို ပြောပြမည့်အပြင် ပြည်သူများ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

“တခြား နိုင်ငံတွေမှာလည်း လုပ်ပြီးပါပြီ။ တတိယအကြိမ် အနေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ မြန်မာ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု Revolution Tokyo Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အစီအစဉ်တွင် ပြည်သူ့ဘက်တော်သား အနုပညာရှင်များနှင့် လက်ရှိနွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် ခေါင်းဆောင်များကလည်း တော်လှန်ရေးခွန်အား စကားဝိုင်းများ၊ ကဗျာ၊ သီချင်းများနှင့် အားဖြည့်သွားမည် ဖြစ်ပြီး လှူဒါန်းလိုသူများသည် Google Form မှ တစ်ဆင့် လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်မည် ဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အရေးပေါ် အသုံးစရိတ်အဖြစ် ဖြည့်ဆည်းမည့် “One Million Campaign” အစီအစဉ်ကို သြစတြေးလျ၊ နယူးဇီလန်နှင့် စင်ကာပူ နိုင်ငံများတွင် အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပြီး ရန်ပုံငွေအဖြစ် သြစတြေးလျန်း ဒေါ်လာ တစ်သိန်း လေးသောင်းကျော်၊ စင်ကာပူ ဒေါ်လာ လေးသိန်းနှင့် မြန်မာငွေ ကျပ်သိန်းငါးရာကျော် ရရှိထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly