နိုဝင်ဘာ ၂၃
ဂျေရုဆလင် မြို့ဟောင်းမှာ ရှားရှားပါးပါး ပါလက်စတိုင်းရဲ့ သေနတ်နဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ တောင်အာဖရိကမှာ မွေးဖွားသူ အစ္စရေးလူငယ်ကို တနင်္လာနေ့က နာရေးချရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။
သေဆုံးသူ အီလီယာဟူ ကေးရဲ့ နောက်ဆုံး ခေါင်းချရာ ဂျေရုဆင်လင်က ဂျီဗက် ရှော သင်္ချိုင်းဆီ ဝမ်းနည်းပူဆွေးကြတဲ့ လူအုပ်ရယ်၊ လူငယ်အများစုရဲ့ စစ်သားတွေရယ် စုရုံးရောက်ရှိကြတာ ဖြစ်ပါတယ်။
အစ္စလာမ္မစ် လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ရဲ့ ပါလက်စတိုင်းအဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကိုင် တိုက်ခိုက်မှုမှာ အသက် ၂၅ နှစ်အရွယ် ကေးဟာ ဒဏ်ရာရရှိပြီး ဂျေရုဆလင် ဆေးရုံတစ်ရုံမှာ သူ သေဆုံးကြောင်းကို တနင်္ဂနွေနေ့က ကြေညာထုတ်ပြန်လာခဲ့တာပါ။
ပစ်ခတ်တိုက်ခိုက်မှုမှာ အခြား အရပ်သားတစ်ဦးနဲ့ ရဲတာဝန်ရှိသူနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ခိုက်မှုကျူးလွန်သူကို အစ္စရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သုတ်သင်ခဲ့ပါတယ်။
၁၉၆၇ ခုနှစ်က အစ္စရေး သိမ်းပိုက်ထားတဲ့ ဂျေရုဆင်လင် အရှေ့ပိုင်း ရှူယာဖတ်အရပ်မှာ နေထိုင်သူ ဟားမတ်စ်အဖွဲ့ဝင်က ‘ကြိုတင်ကြံစည် တိုက်ခိုက်မှု’ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေး အများပြည်သူလုံခြုံရေးဝန်ကြီး အိုမာ ဘာလစ်ဗ်က ပြောပါတယ်။
တိုက်ခိုက်သူဟာ ဖာဒီ အဘူ ရှာခေးဒမ်းဆိုသူဖြစ်တယ်လို့ ဂါဇာကမ်းမြောင်ကို အုပ်စိုးထားတဲ့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဖာဒီ အဘူကို ဟားမတ်စ်က ဂုဏ်ပြုချီးကျူးပြီး ဂျေရုဆလင် ‘လွတ်မြောက်ရေး’အတွက် တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြတ်ပြတ်သားသား တားမြစ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အီးယူတို့အတိုင်း လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဗြိတိန်နိုင်ငံက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
အခု သေဆုံးသူ ကေးဟာ ဂျူးတွေရဲ့ အထွဋ်အမြတ်အထားဆုံး အနောက်ဖက်တံတိုင်းမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ဖို့ သွားရာလမ်းမှာ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
ဂျေရုဆလင် မြို့ဟောင်းအပြင် သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ အစ္စရေးလုံခြုံရေးတပ်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အဖြစ်များလေ့ ရှိပါတယ်။ တစ်ကိုယ်တော် ဝံပုလွေ တိုက်ခိုက်မှုလို့ ခေါ်ကြတဲ့ တိုက်ခိုက်မှုတွေကို တစ်ဦးတစ်ယောက်ချင်း ပါလက်စတိုင်း လူငယ်အများစုက လုပ်ဆောင်ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ဂျေရုဆလင် မြို့ဟောင်းမှာ ရဲတာဝန်ရှိသူ နှစ်ဦး ထိခိုက်ဒဏ်ရာရအောင် ဓားကိုင်တိုက်ခိုက်တဲ့ ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးလုံခြုံရေးတပ်က ပစ်သတ်ခဲ့ရပါတယ်။