ရန်ကုန်တိုင်းအတွင်းရှိ ပရဟိတအဖွဲ့များ မှတ်ပုံတင်ရန်နှင့် လိုင်စင်မဲ့လူနာတင်ကားများ အသုံးမပြုရန် စစ်ကောင်စီ ညွှန်ကြားစာထုတ်

ရန်ကုန်တိုင်းအတွင်းရှိ ပရဟိတအဖွဲ့များ မှတ်ပုံတင်ရန်နှင့် လိုင်စင်မဲ့လူနာတင်ကားများ အသုံးမပြုရန် စစ်ကောင်စီ ညွှန်ကြားစာထုတ်

နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေး ပရဟိတ အသင်းအဖွဲ့များ အားလုံး အမြန်ဆုံး မှတ်ပုံတင်ကြရန်နှင့် လိုင်စင်မဲ့ လူနာတင်ကားများ အသုံးမပြုရန် စစ်ကောင်စီက မြို့နယ်အလိုက် အကြောင်းကြားစာများ လိုက်လံပို့ဆောင်နေကြောင်းလူမှုရေးအသင်းအဖွဲ့များထံက သိရသည်။

အဆိုပါ ညွှန်ကြားစာကို နိုဝင်ဘာလ ၁၅ရက်မှ စတင်ကာ မြို့နယ်အလိုက် ထုတ်ပြန်အကြောင်းကြားထားခြင်းဖြစ်သည်။

အကြောင်းကြားစာတွင် မှတ်ပုံမတင်သည့် အဖွဲ့အားလုံးကို ဖျက်သိမ်းသွားမည်ဟု ပါဝင်ကြောင်း သိရသည်။

“အသင်းကတော့ မှတ်ပုံတင်ပြီးသားမို့ ကိစ္စမရှိဘူး။ အသင်းမှာ ကားငါးစီးရှိတယ် ။ ဘယ်ကားမှ လိုင်စင်မရှိဘူး။ လိုင်စင်နဲ့ကားဆို လှူတဲ့သူက ဘယ်လှူနိုင်မလဲ။ အရင်ထဲက လူနာတင်ကားသေချာအောင် သတ်မှတ်တဲ့ စံနှုန်းတွေအတိုင်း ပြုပြင်ပြီးတော့ မြို့နယ်ကိုတင်ပြ နားလည်မှုနဲ့ လုပ်ခဲ့ကြတာ၊ အခု အဲ့ကားတွေ မသုံးရဘူးဆိုတော့ ရုံးရှေ့မှာ သော့တန်းလန်းနဲ့ ရပ်ထားလိုက်မယ်။ သိမ်းချင်လည်း သိမ်းပေါ့။ လူနာသယ်ပေးဖို့တော့ မလုပ်တော့ဘူး။ သွေးလိုရင်ကူညီမယ် ဒီလောက်နဲ့ပဲ ဆက်သွားမယ်။ COVID -19 တတိယလှိုင်းမှာ အနာခံကူပေးခဲ့သူတွေကို ကျေးဇူးဆပ်တာပါ”ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများ အသုံးပြုသည့် လူနာတင်ကားများမှာ လိုင်စင်မဲ့ကားဖြစ်ပါက အသုံးမပြုရန် ကန့်သတ်လိုက်သည့်အတွက် လက်ရှိတွင် လူမှုရေးအဖွဲ့အများစုမှာ ကူညီမှုလုပ်ငန်းများကို ရပ်နားထားကြောင်း ပရဟိတအဖွဲ့တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“ဦးတို့အသင်းကတော့ အရင်ထဲက မှတ်ပုံတင်မရှိဘူး။ အိမ်ယာဝန်းထဲအတွက်လို့ပဲ ရည်ရွယ်ရင်း လုပ်ရင်းကနေ အသင်းကကြီးသွားတာပေါ့။ ကားတစ်စီးဝယ်လိုက်နိုင်တော့ အဲ့ဒါလေးနဲ့ ကူညီပေးနေတာ၊ အခုက လိုင်စင်မရှိရင်မရ မှတ်ပုံတင်ရှိရမယ်ဆိုတော့ မနေ့က အစည်းအဝေးထိုင်တယ် ။ အားလုံးဆုံးဖြတ်ချက်အရ အခုကားကို မြို့နယ်ကိုအပ်လိုက်မယ်။ အဖွဲ့ကို ယာယီဖျက်သိမ်းမယ်။ အလှူငွေလက်ကျန်ကို စာရင်းရှင်းတမ်းထုတ်ပြန်ပြီးတော့ အိမ်ယာဝန်းထဲကလူတွေရဲ့ သဘောထားကောက်ယူမယ်။ ဒီအလှူငွေ လက်ကျန်ကို နွမ်းပါးတဲ့ နေရာတွေကိုလှူမလား၊ ရန်ပုံငွေသက်သက်ထားမလား ၊အိမ်ယာထဲကသူတွေကရော ဘယ်လိုဆန္ဒရှိလဲဆိုတာမေးပြီး ဖျက်သိမ်းလိုက်မယ်။ COVID -19 ကာလ မှာ ပြည်သူတွေကို ဘယ်လိုကူညီနိုင်ခဲ့လဲဆိုတာ မှတ်တမ်းကောင်း ကျန်ခဲ့ပါလိမ့်မယ်”ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ပရဟိအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ညွှန်ကြားစာ ပေးပို့လာမှုသည် ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုကို အားထားနေရသည့် နွမ်းပါးပြည်သူများ ပိုမိုအကျိုးယုတ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required