နိုင်ငံစီးပွားရေးအခြေအနေ ဆိုးဝါးလာနေသော်ငြား အခြေအနေမှန်ကို လက်ခံရန် ပါကစ္စတန် အာဏာပိုင်တို့ ဆက်လက်ငြင်းဆန်နေ

By Punjabtribune
23 November 2021
နိုင်ငံစီးပွားရေးအခြေအနေ ဆိုးဝါးလာနေသော်ငြား အခြေအနေမှန်ကို လက်ခံရန် ပါကစ္စတန် အာဏာပိုင်တို့ ဆက်လက်ငြင်းဆန်နေ

ပါကစ္စတန်နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်တက်မှုနှင့်အတူ နိုင်ငံ၏စီးပွားရေးအခြေအနေသည် ပိုမိုဆိုးဝါးလာနေသော်ငြား ပါကစ္စတန်အာဏာပိုင်တို့သည် ပကတိအခြေအနေမှန်ကို လက်ခံရန် ဆက်လက်ငြင်းဆန်လျက် ရှိပြီး ဝန်ကြီးချုပ် အီမရန် ခန်းသည် ၎င်း၏ မိန့်ခွန်းများထဲတွင် ပြည်သူများ စိတ်ပျက်အားလျော့မှု မဖြစ်ကြရန် ဆက်လက် ပြောဆိုလျက် ရှိသည်။

ပါကစ္စတန်သည် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေပြီး အဆင့် ၆ တွင် ရှိနေသည်ဟု ဖော်ပြထားသည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၏ အစီရင်ခံစာများ ရှိနေလင့်ကစား ပါကစ္စတန်အာဏာပိုင်တို့ကမူ အခြေအနေမှန်ကို ဝန်ခံရန် ဆက်လက် ငြင်းဆန်နေမြဲဖြစ်သည်ဟု ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

ယခုနှစ်တွင် ပါကစ္စတန်တွင် အလုပ်လက်မဲ့မှုနှုန်းသည် ၉ ဒသမ ၈ ရာခိုင်နှုန်းတွင် ရပ်တည်နေပြီး ယင်းက ၂၀၂၂ ခုနှစ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်းခန့် ဖြစ်ဖွယ် ရှိနေသည်။

ယင်းကဲ့သို့သော ကိန်းဂဏန်းများ ရှိနေသော်လည်း နိုင်ငံသည် ထိုကဲ့သို့ ခက်ခဲသည့် အချိန်ကာလများကို ကျော်လွှားလွန်မြောက်နိုင်လိမ့်မည်ဟု ခန်းက ပြောထားခဲ့သည်။

အစိုးရအနေဖြင့် အတိုက်အခံများနှင့်အတူ လက်တွဲလုပ်ဆောင်ရုံသာမက အတွေ့အကြုံရှိ နိုင်ငံရေးသမားများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူ လုပ်ဆောင်ချိန်ကျမှသာလျင် ပါကစ္စတန်သည် ခက်ခဲကြမ်းတမ်းသည့် ကာလများကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု ဒေသသတင်းမီဒီယာတစ်ခုက ဖော်ပြသည်။

အီမရန် ခန်းအစိုးရအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကို ပြန်ရလိုပါက အတိုက်အခံများကို ထိပ်တိုက်ရင်ဆိုင်တွေ့သည့် သဘောထားကို ဘေးဖယ်ထားရလိမ့်မည် ဖြစ်သည်။

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်းကြောင့် မငြိမ်မသက်မှုဆီ ဦးတည်စေနိုင်ပြီး အီမရန် ခန်း အစိုးရအပေါ် ဆန္ဒပြမှုများကို ဖြစ်စေနိုင်သည်။

အီမရန် ခန်းသည် အာဏာမရခင်အချိန်ကာလက ပြည်သူများကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် လုပ်ဆောင်မည်ဟု ပြောထားခဲ့ပြီး အလုပ်အကိုင် ၁၀ သန်း ဖန်တီးပေးမည်ဟု ကတိပြုထားခဲ့သည်။ ယင်းအစား ၎င်းသည် ပြီးခဲ့သည့်လက ဆော်ဒီအာရေးဗျ ခရီးစဥ်အပြီး ရီယက်ဒ်ကနေ ကန်ဒေါ်လာ ၃ ဘီလီယံ ဘဏ္ဍာငွေ အထောက်အပံ့ ရယူခဲ့ကြောင်း ကြေညာခဲ့သည်။

ပြည်သူများ ဒုက္ခဆင်းရဲကြုံတွေ့ရမှုများအတွက် နိုင်ငံတကာ ဈေးကွက်တွင် ငွေကြေးဖောင်းပွမှုကို ခန်းက ပြစ်တင်ခဲ့ပြီး မဖြစ်မနေ လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများအတွက် ထောက်ပံ့ငွေပေးရင်း ပါကစ္စတန် ရူပီး ၁၂၀ ဘီလီယံ တန်ဖိုးရှိ "သက်သာချောင်ချိရေး အစီအစဥ်" တစ်ခုကို ကြေညာခဲ့သည်ဟု ရှာ မီအာ ဘာလို့ချ်က The Guardian တွင် ရေးသားသည်။

"ဒီ အစီအစဥ်က သမုဒ္ဒရာထဲက ရေစက်တစ်ပေါက်မျှပဲ ဖြစ်ပါတယ်၊ ဒါက သာမန်ပြည်သူတွေအတွက် အကူအညီ အနည်းငယ်ပဲ ဖြစ်စေပါလိမ့်မယ်၊ ဒီ အစီအစဥ်ကြေညာပြီးနောက်ပိုင်း လောင်စာဆီနဲ့ သကြားလိုမျိုး ပစ္စည်းတွေမှာ နောက်ထပ် ဈေးနှုန်းတက်တာတွေ မြင်တွေ့ထားရတဲ့အတွက် အီမရန် ခန်းအပေါ် ဖိအားတွေက ဆက်လက်တိုးလာပါလိမ့်မယ်" ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ခူအာရမ် ဟူစိန်၏ ပြောကြားချက်ကို ကိုးကားပြီး The Guardian က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly