ရှင်ကျန်း၊ တိဗက်နှင့်ဟောင်ကောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို စိုးရိမ်ကြောင်း သမ္မတဘိုင်ဒင် ပြောကြား

ရှင်ကျန်း၊ တိဗက်နှင့်ဟောင်ကောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို စိုးရိမ်ကြောင်း သမ္မတဘိုင်ဒင် ပြောကြား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် နိုဝင်ဘာ ၁၆ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အွန်လိုင်းမ ှတွေ့ဆုံမှုအတွင်း ရှင်ကျန်း၊ တိဗက်နှင့် ဟောင်ကောင်တို့ရှိ လူ့အခွင့်အရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောခဲ့သည်။

ဘိုင်ဒင်နှင့်ရှီကျင့်ဖျင်တို့သည် ၃ နာရီကျော်ကြာ နက်ရှိုင်း၍ အပြုသဘောဆောင်သော တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

"သမ္မတဘိုင်ဒင်သည် ရှင်ကျန်း၊ တိဗက်နှင့်ဟောင်ကောင်ရှိ တရုတ်၏ လုပ်ဆောင်ချက်များအပါအဝင် လူ့အခွင့်အရေးများအပေါ်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သည် ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများသို့ ပို့ခြင်း၊ ၎င်းတို့၏ ဘာသာရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း အပါအဝင် အနိုင်ကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့် တစ်ကမ္ဘာလုံး၏ ပြစ်တင်ရှုံ့ချခြင်းကို ခံနေရသည်။ သို့သော် တရုတ်အာဏာပိုင်များက စွဲချက်အားလုံးကို ဆက်လက်ငြင်းဆိုထားသည်။

လူနည်းစုများအပေါ် တရုတ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး သမ္မတဘိုင်ဒင်က ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည်။

သမ္မတဘိုင်ဒင် ရာထူးတာဝန်ယူပြီးနောက် အမေရိကန်သမ္မတနှင့် တရုတ်သမ္မတ ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

ဝီဂါနှင့် အခြားသော မွတ်စလင် လူနည်းစု ၁ ဒသမ ၈ သန်းခန့်ကို တရုတ်အစိုးရက ၂၀၁၇ မှစ၍ စခန်း သွင်း ထားရှိခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အကျဉ်းသားများအား ၎င်းတို့၏ ဆန္ဒမပါဘဲ ထိန်းသိမ်းထားကာ လူမဆန်စွာဆက်ဆံမှုနှင့် နိုင်ငံရေးအယူဝါဒသွတ်သွင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း RFA သတင်းဌာနက ဖော်ပြသည်။

တရုတ်အာဏာပိုင်များသည် အစဉ်အလာအရ တိဗက်ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ၏ ဆုံချက်ဖြစ်သော တိဗက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၏ အရွယ်အစားနှင့် သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန်ကာလရှည်ကြာ ကြိုးပမ်းလျက်ရှိသည်ဟု ဒေသတွင်းရှိ RFA သတင်းရင်းမြစ်များက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly