ထောက်ပံ့ရေးရေယာဉ်များအား တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရေပိုက်များဖြင့် ထိုးခြင်းအပေါ် ဖိလစ်ပိုင် ပြစ်တင်ရှုတ်ချ

ထောက်ပံ့ရေးရေယာဉ်များအား တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရေပိုက်များဖြင့် ထိုးခြင်းအပေါ် ဖိလစ်ပိုင် ပြစ်တင်ရှုတ်ချ

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်တပ်ဖွဲ့အတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးနေသော ရေယာဉ်များကို တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့သင်္ဘောများက အားပြင်းသည့် ရေပိုက်များဖြင့် ထိုးခြင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းကဲ့သို့ ထပ်မံမလုပ်ဆောင်ရန် တားမြစ်လိုက်သည်။

ပါလာဝမ်နယ်မြေရှိ အနောက်တိုင်း စစ်ဌာနချုပ်၏ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် “တရုတ်ကမ်း‌ရိုးတန်းစောင့် သင်္ဘော ၃ စင်းသည် စားနပ်ရိက္ခာမျာ ပို့ဆောင်ပေးသည့် ဖိလစ်ပိုင်၏ ထောက်ပံ့ရေးရေယာဉ် ၂ စင်းကို လမ်းကြောင်းတွင် ပိတ်ဆို့ကာ အင်အားပြင်း ရေပိုက်များဖြင့် ထိုးခဲ့သည်” ဟု ဝန်ကြီးဌာန၏ တွစ်တာတွင် ရေးသားထားသည်။

“ထိခိုက်မှု မရှိခဲ့ပေမယ့် မိမိတို့ရေယာဉ်များ၏ ထောက်ပံ့ရေး လုပ်ငန်းများ ထပ်မံလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွေကျိလျန်အား အပြင်းထန်ဆုံး ကန့်ကွက် သတိပေးလိုက်သလို တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချ ကန့်ကွက်လိုက်သည်” ဟု အဆိုပါ တွစ်တာတွင် ရေးသားထားသည်။

အခင်းဖြစ်ပွားရာ အာရွန်ဂင် သောင်ပြင်ပတ်ဝန်းကျင်သည် ဖိလစ်ပို်ငက အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် အထူး စီးပွားရေးဇုန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အရပ်ဖက်သုံး ရေယာဉ်တစ်စင်းသည် ဖိလစ်ပိုင်-အမေရိကန် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်ကြောင်း တရုတ်အစိုးရအား သတိပေးခဲ့သည်။

“တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောများ၏ လုပ်ရပ်သည့် တရားမဝင်သလို ယင်းနယ်မြေတွင် တရုတ်က တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်ခွင့်မရှိကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာတွင် ဖော်ပြထားသည်။

“မိမိကိုယ်ကို ထိန်းချုပ်မှုမရှိ လုပ်ဆောင်ချက်သည် သမ္မတရိုဒရီဂို ဒူတာတေးနှင့် သမ္မတရှီကျင့်ဖျင်တို့ ခက်ခဲစွာ ထူထောင်ထားရသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ခြိမ်းခြောက်မှု ဖြစ်စေသည်” ဟုလည်း ရေးသားဖော်ပြထားသည်။

ဖိလစ်ပိုင်အနေဖြင့် အာရွန်ဂင် သောင်ပြင်ပတ်ဝန်းကျင်ရှိ မိမိတို့ တပ်ဖွဲ့များကို ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ နယ်မြေပိုင်နက်အတွင်း လုပ်ဆောင်လိုသည့် အရာများအတွက် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ကြောင်းလည်း ရေးသားထားသည်။

ယခုဖြစ်စဉ်အပေါ် မနီလာမြို့ရှိ တရုတ်သံရုံးက တစ်စုံတစ်ရာ တုံ့ပြန်မထားပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly