တပ်မတော် နှင့် ရက္ခုင်တပ်မတော်တို့ လေးရက်မြောက်တိုက်ပွဲဖြစ်၊ AA ဘက်မှ ၂ဦးကျဟုဆို

တပ်မတော် နှင့် ရက္ခုင်တပ်မတော်တို့ လေးရက်မြောက်တိုက်ပွဲဖြစ်၊ AA ဘက်မှ ၂ဦးကျဟုဆို

ချင်းမိုင်၊ ဒီဇင်ဘာ ၃၀ ။ ။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင်တပ်မတော်(AA)နှင့် မြန်မာတပ်မတော်တို့အကြား လေးရက်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး AA ဘက်မှ တပ်သား ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်က ည သန်ခေါင်ယံထိ ကျောက်တော်မြို့ ရွှေပြည်အရှေ့ဘက် ရမ်းချောင်း တောင်တန်း တစ်ဝိုက်သို့ မြန်မာတပ်မတော်ဘက်မှ အင်အားထပ်မံ ဖြည့်တင်းလာသဖြင့် ယခင်ရက်များထက် တိုက်ပွဲ ပိုမိုပြင်းထန်လာသည်ဟု AA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

“မနေ့ည ၃၇၇ က တညလုံးပဲ တိုက်ပြီးမှ ရှေ့တန်းတက်သွားတယ်။ ကျနော်တို့ဘက်က တယောက် ကျတယ်။ အဲဒီ ၃၇၇ကို လာကူတဲ့ စစ်ကူနဲ့ တိုက်ပွဲပြန်လာဖြစ်တယ်။ အခုလည်း မနက်စောစောကနေ စပြီးမှ ၃၇၈ နဲ့ တိုက်နေတယ်။ တပ်အင်အားလည်း ပိုများလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၆ ဦး ကျဆုံးမှုရှိသည်ဟု သိရပြီး ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် AA ဘက်မှ တပ်သား နှစ်ဦး ကျဆုံးမှု ရှိခဲ့သည်ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ရက်များတွင် (စကခ) ၉ လက်အောက်ခံ တပ်ရင်းများနှင့် စစ်တွေ (ဒကစ) လက်အောက်ခံ တပ်ရင်းအချို့နှင့် အမ်း (နပခ) လက်အောက်ခံတပ်ရင်းအချို့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှ ယနေ့တွင် ဗူးသီးတောင် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများလည်းည်း ပါဝင်လာသဖြင့် တိုက်ပွဲ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်ထိ လေးရက်ကြာ တိုက်ပွဲ ဖြစ်ပွားမှုတွင် အစိုးရဘက်မှ အကျအဆုံး များအပြား ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယနေ့ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ အရာရှိ အပါအဝင် ၂၀ ကျော် ကျဆုံးမှုများ ရှိနေပြီး ၃၀ ကျော် ဒဏ်ရာရရှိမှုများ ရှိပြီး တတိယနေ့ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၃၅ ဦးကျဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှုများ ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

AA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ အစိုးရ ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်မှ လက်ခံခြင်း မရှိသေးသည့် အဖွဲ့ဖြစ်သည်။

“တိုက်ပွဲက တော်တော်လေးကို တိုက်ပွဲက မရပ်မနား ဖြစ်နေတာ။ ညတောင် နားချင်တဲ့ပုံစံ မရှိဘူး။ ကျနော်တို့က လှုပ်ရှားတပ်တွေ ယာယီစခန်းတွေပဲရှိတယ်ဆိုတော့ ဆုတ်ပေးတာ မရှိပါဘူး၊ ကျွန်တော်တို့ လှုပ်ရှားတဲ့ နေရာကို ရှင်းလင်းရေးဝင်လာခဲ့တဲ့ တိုက်ပွဲ ဖြစ်တယ်။ ကျနော်တို့လည်းက တန်ပြန် ခုခံ ကာကွယ်ရမှာပဲ”ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

AA သည် ရခိုင်ပြည်နယ်တွင် တပ်စခန်း အခြေချထားခြင်း မရှိသော်လည်း ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင်လည်း အခြေချထားသည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်းတွင် အစိုးရ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ခဲ့သဖြင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုတွင် AA မှ ဗိုလ်လောင်း ၈ ဦးပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags