ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်းကို ပြည်ပမှာ ဆေးကုသခွင့်ပေးရေး တောင်းဆိုဆန္ဒပြ 

ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်းကို ပြည်ပမှာ ဆေးကုသခွင့်ပေးရေး တောင်းဆိုဆန္ဒပြ 

နိုဝင်ဘာ ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ နာမကျန်းဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာကို ပြည်ပမှာ သွားရောက်ဆေးကုသခွင့်ပေးဖို့ အစိုးရကို တနင်္လာနေ့က တောင်းဆိုဆန္ဒပြကြရာမှာ ရဲက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တာကြောင့် လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ အဓိကပြိုင်ဖက်ဖြစ်သူ အသက် ၇၆ နှစ်ရှိ ခါလီဒါ ဇီယာဟာ ကျန်းမာရေး ဆိုးဝါးလာတာကြောင့် ဒါကာက ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အခုလအစောပိုင်းက တက်ရောက်ကုသလမှု ခံယူနေတယ်လို့ သူမရဲ့ ဆရာဝန်တွေထဲမှ တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

သူဟာ ၂၀၁၈ ခုနှစ်က လာဘ်စားမှုနဲ့ ပြစ်ဒဏ်စီရင်ခံရအပြီး လက်ရှိမှာ ပြည်ပထွက်ခွာကို တရားရုံးတစ်ရုံးက တားမြစ်ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။ 

“သူ အတော်လေး နေမကောင်း ဖြစ်နေတာပါ၊ အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကုသလမှု ခံယူဖို့ လိုအပ်နေပါတယ်၊ ဒီ ဒေသမှာ သူ့ကို ကုသပေးနိုင်မှာ မဟုတ်ဘူး”လို့ ဆရာဝန် ဇာဟစ် ဟိုစိန်က ပြောပါတယ်။ 

ဒါကာက အမျိုးသား သတင်းမီဒီယာကလပ် အပြင်ဖက်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှားသူနဲ့ ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP ကို ထောက်ခံသူ ၁၅၀၀၀ ကျော်ထက်မနည်း ပါဝင်ဆင်နွှဲကြကြောင်း စီစဉ်သူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြအင်အားဟာ ၇၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ 
ရဲရာပေါင်းများစွာကို တပ်ဖြန့်ချထားပါတယ်။ 

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အာဏာနောက်ဆုံး ရရှိခဲ့တဲ့ BNP ပါတီဟာ လူဦးရေ ၁၆၉ သန်းရှိတဲ့ နိုင်ငံအနှံ့အပြားက အခြားမြို့ပြနဲ့ မြို့နယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ 

အဆစ်ရောင်ရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နေတဲ့ ဇီယာဟာ အသည်းရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ နှလုံးရောဂါတွေကိုပါ ခံစားနေရတယ်လို့ BNP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟိုစိန်က ပြောပါတယ်။ 

ပြည်ပမှာ ဆေးသွားရောက် ကုသခွင့်ပြုဖို့ မိသားစုနဲ့ ပါတီက မေတ္တာရပ်ခံတာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဟာစီနာက ပယ်ချလိုက်ဟန် ရှိပါတယ်။ 

“ခါလီဒါ ဇီယာအတွက် ကျွန်မ တတ်နိုင်တာ မှန်သမျှ လုပ်ပေးနေပါတယ်၊ အခုကတော့ ဥပဒေကပဲ ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်”လို့ ဝန်ကြီးချုပ် ဟာစီနာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“ကျွန်မ လက်ထဲမှာ ရှိတဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး ခါလီဒါ ဇီယာကို ထောင်မှာ မထားပဲ အိမ်မှာပဲ နေရအောင် ကျွန်မ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။ 

ဇီယာဟာ လာဘ်စားမှုနဲ့ ၂၀၁၈ ဖေဖော်ဝါရီလအတွင်းက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ သူ့ပါတီကတော့ ဒီ ပြစ်ဒဏ်ပေးမှုဟာ နိုင်ငံရေးအရပဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly