တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝှမ် ကွယ်လွန်

တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝှမ် ကွယ်လွန်

နိုဝင်ဘာ ၂၃

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်သလို စစ်အာဏာရှင်ဟောင်းလည်း ဖြစ်တဲ့ ချန်ဒူးဝှမ်ဟာ နိုဝင်ဘာ ၂၃ ရက်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝှမ်ဟာ ၁၉၈၈ ခုနှစ် ၎င်း ရာထူးကနေ ဆင်းပေးခဲ့ရတဲ့ လူထုအုံကြွဆန္ဒပြမှုတွေမတိုင်မီ အတိုက်အခံပြိုင်ဘက်တွေကို လူမဆန်စွာ နှိမ်နင်းခဲ့သူလည်း ဖြစ်ပါတယ်။

ချန်ဟာ ရိုးတွင်းချဉ်ဆီ သွေးကင်ဆာရောဂါ ခံစားခဲ့ရတယ်လို့ သိရပြီး ဆိုးလ်မြို့မှာ ရှိတဲ့ ၎င်းရဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ကြောင်း၊ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြသည်။

၎င်းဟာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သလို ၁၉၈၈ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတလည်း ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် သမ္မတဟောင်း ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် ချန်ဟာ အာဏာသိမ်းမှုတစ်ခုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။

၎င်းဟာ ယင်းနိုင်ငံမှာ ၁၉၈၀ ကနေ ၁၉၈၈ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့ပြီး သံမဏိလက်သီးနဲ့ အုပ်ချုပ်ခဲ့ကာ ၎င်းရဲ့ အတိုက်အခံတွေကို လူမဆန်စွာ နှိမ်နင်းခဲ့ပါတယ်။

ချန်ဟာ တောင်ကိုရီးယားရဲ့ အဝေဖန်ခံရဆုံး ပုဂ္ဂိုလ်တွေထဲမှာ ဆက်ရှိနေခဲ့ပါတယ်။

၎င်းဟာ နိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ဂျူး မြို့မှာ ၎င်းရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတစ်ခုကို နှိမ်နင်းဖို့ တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့မှုအတွက် "ဂွမ်ဂျူး လူသတ်သမား" ရယ်လို့ လူသိများပါတယ်။

၁၉၉၆ မှာ ၎င်းဟာ နိုင်ငံသစ္စာဖောက်မှုနဲ့ သေဒဏ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ယင်းကတော့ ဂွမ်ဂျူးမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ တစိတ်တပိုင်း ပတ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် အယူခံဝင်မှုနဲ့အတူ ပြစ်ဒဏ် လျှော့ပေါ့ခံရပြီး ယင်းနောက် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လွတ်ခဲ့ပါတယ်။

ဂွမ်ဂျူးဖြစ်စဉ်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူတွေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ထားတဲ့ စာရင်းအရ ၂၀၀ ခန့် ဖြစ်တယ်လို့ ဆိုပေမယ့် အမှန်တကယ် ကိန်းဂဏန်းဟာ ယင်းထက် သုံးဆလောက် ပိုများတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ချန် နဲ့ လက်ယာစွန်း နိုင်ငံရေးသမားတွေကတော့ ယင်းဖြစ်စဉ်ဟာ "ဆူပူအုံကြွမှု" တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အုံကြွမှုကို နှိမ်နင်းရာမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူးလို့ အာဏာရှင်ဟောင်း ချန်က ငြင်းဆိုပါတယ်။

၎င်းရဲ့ အုပ်ချုပ်မှုကာလအတွင်း ချန်ဟာ လုပ်ကြံသတ်ဖြတ်ခံရမယ့် အရေးတစ်ခုကနေ လွတ်မြောက်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ်မှာ မြောက်ကိုရီးယား အေးဂျင့်တွေက အာဇာနည်ကုန်းမှာ ဗုံးခွဲပြီး ၎င်းကို သတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ချန်ဟာ မကွယ်လွန်မီအထိ တရားရုံး အမှုရင်ဆိုင်ရမှုတွေနဲ့ လုံးပန်းနေခဲ့ရပါတယ်။

၎င်းဟာ ယမန်နှစ်ကလည်း ဂွမ်ဂျူး အုံကြွမှုနဲ့ ပတ်သက်ပြီး အသရေဖျက်မှု စွဲချက်နဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly