အရာတော်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

အရာတော်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှ သတင်းပေးဒလန်ဆိုသူကို သတိပေးရန် ရောက်လာသည့် ဒေသခံပြောက်ကျားတပ်ဖွဲ့နှင့် နောင်ကြီးအိုင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာ ၂၂ရက် နံနက် ၁၀နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း ARAအဖွဲ့က‌ ပြောသည်။

"ဒလန်သွားရှင်းတဲ့အချိန်မှာ စစ်ကောင်စီကသိသွားတယ်၊ သူတို့က နောင်ကြီးအိုင်ရဲစခန်းမှာပဲ တပ်ဆွဲထားတာဆိုတော့ အမြန်ရောက်လာတယ်" ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)အဖွဲ့ကပြောသည်။

နောင်ကြီးအိုင်လမ်း‌ပေါ်မှ ကမ္ဘာ့ရွာကဖေး အနီးတွင် စတင်ပစ်ခတ်ခဲ့ကြပြီး လမ်းတလျှောက်တိုက်ပွဲဖြစ်ပွားခဲ့ကာ IT Mobile ဆိုင်နားအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ARA အဖွဲ့ထံက သိရသည်။

ထိတွေ့တိုက်ပွဲမှာ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ဒေသခံပြောက်ကျားတပ် အင်အား ၃၀ခန့် နှင့် နောင်ကြီးအိုင်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အင်အား ၁၀ခန့်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ယင်အဖွဲ့ထံမှသိရသည်။

"တိုက်ပွဲဖြစ်တဲ့နေရာက စျေးတန်းဆိုတော့စည်တယ်။ လူတွေလည်း အဲ့နားမှာ ပုန်းနေတာရှိတယ်။ အဲ့ကောင်တွေက လူတွေကို သူတို့နားမှာ စုထားတာ လူသားဒိုင်းလုပ်တဲ့ပုံစံပေါ့။ အဲ့ထဲမှာ သားအမိနှစ်ယောက်ပါတယ်။ ကလေးက ငါးနှစ်အရွယ်လေး။ နောက်ပြီးတော့ အိမ်နှစ်လုံးကိုလည်းမီးရှို့သွားတယ်"ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)အဖွဲ့က ဖြစ်စဉ်ကို ပြန်ပြောပြသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြောက်ကျားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားချိန်တွင် ARA အဖွဲ့၏ ဆိုင်ကယ် ၁၅စီးမှာ တိုက်ပွဲဖြစ်သည့်နေရာတွင် ကျန်ရစ်ခဲ့ကြောင်း ARA အဖွဲ့ထံက သိရသည်။ ကျန်ရှိခဲ့သော ဆိုင်ကယ်များထဲမှ ၁၀ စီးကျော်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ပစ်လိုက်ပြီး သုံးစီးကို ရွေးချယ်ယူဆောင်သွားကာ ဓားစာခံ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုမရှိဘဲ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုဘက်က ထိခိုက်မှုရှိကြောင်း သိရသော်လည်း အသေးစိတ်အချက်ကို မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required