ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်အချို့မှ ရန်ကုန်မြို့သို့သွားသည့် လမ်းများကို စစ်ကောင်စီ ပြန်ဖွင့်ပေးသော်လည်း စစ်ဆေးရေးတင်းကျပ်

ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်အချို့မှ ရန်ကုန်မြို့သို့သွားသည့် လမ်းများကို စစ်ကောင်စီ ပြန်ဖွင့်ပေးသော်လည်း စစ်ဆေးရေးတင်းကျပ်

နိုဝင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်အချို့မှ ရန်ကုန်မြို့ဘက်သို့သွားသည့် လမ်းအချို့ကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းကစပြီး ပိတ်ထားခဲ့ရာ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်တွင် လမ်းအချို့ကို ပြန်ဖွင့်ခဲ့သော်လည်း လမ်းတွင် စစ်ဆေးရေး ပိုမိုတင်းကျပ်လာကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များမှ ရန်ကုန်မြို့သို့ သွားသည့် လမ်းတချို့ကို စစ်ကောင်စီက ပိတ်ခဲ့ပြီး လက်ရှိတွင် လမ်းအချို့ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် အထိတော့ တွံတေး-ကံဘဲ့ လမ်းဆုံကနေ ကော့မှူး- ဒလ ကားလမ်းကိုတော့ ပိတ်ထားတုန်းပါပဲ။ တွံတေး- ဒလ ကားလမ်းကိုတော့ မနေ့က ပြန်ဖွင့်လိုက်ပါတယ်။ ကော့မှူး၊ ကွမ်းခြံကုန်းဘက်က လာချင်ရင် ဒလ ကိုးတောင်လမ်းနဲ့ ဒလ ဝါးဘလောက်သောက်လမ်း အဲဒီလမ်းနှစ်ခုကိုတော့ ဖွင့်လိုက်ပါပြီ။ လမ်းမှာ စစ်ဆေးရေးဂိတ်နှစ်ခုတော့ ရှိတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Mytel တာဝါတိုင်စောင့် စစ်သားနှစ်ဦး ပစ်သတ်ခံရပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်သား ၁၁ ဦးသည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည်ကို ရှာဖွေရန် နှင့် PDF များကို ရှာဖွေရန် ယင်းကဲ့သို့ လမ်းပိတ်စစ်ဆေးနေခြင်းဖြစ်သည် ဟူသော သတင်းများ ဒေသခံများအကြား ပျံ့နှံ့လျက်ရှိကြောင်း ၎င်းကဆိုသည်။

“တွံတေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားများစွာနဲ့ တောနင်းရှာဖွေမှုတွေ ရှိနေပေမဲ့ မည်သူတွေကို ရှာဖွေနေကြောင်း မသိရှိရသေးပါဘူး။ သတင်းကတော့ အမျိုးမျိုး ပျံ့နေတာပါပဲ။ မြို့ထဲမှာတော့ စစ်ဆေးရေး တင်းကျပ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလို့ လိုက်ရှာနေတယ်ဆိုတဲ့ သတင်းအပေါ် အတည်ပြုချက်ရရှိဖို့ စုံစမ်းလျက်ရှိနေပါတယ်” ဟု တွံတေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် အရပ်ဝတ် စစ်သားနှစ်ယောက်သည် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly